DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် တည်ငြိမ်အေးချမ်းရေးလိုလားဟု ကုလညီလာခံတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
September 28, 2022
မြန်မာပြည် တည်ငြိမ်အေးချမ်းရေးလိုလားဟု ကုလညီလာခံတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
Donate to DVB

အိမ်နီးချင်းမြန်မာနိုင်ငံမှာ ပြန်လည်အေးချမ်းတည်ငြိမ်လာတာကို လိုလားတဲ့အကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ပြောကြားလိုက်ပါတယ်။ 

နယူယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ  စက်တင်ဘာလ ၂၅ ရက်က မိန့်ခွန်းပြောကြားရာမှာ  မြန်မာနိုင်ငံအရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကို ကြုံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ နောက်ထပ် နိုင်ငံရေးပြဿနာတွေနဲ့အတူ အစားအစာရှားပါးမှု ပြဿနာ၊ စွမ်းအင်မလုံလောက်မှုပြဿနာနဲ့ စီးပွားရေးပြိုလဲကျဆင်းမှုပြဿနာတွေကိုပါ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အခုကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအားလုံးစုပေါင်းပြီး အဖြေရှာကြဖို့ အရေးကြီးကြောင်းနဲ့ ထိုင်းနိုင်ငံဟာလည်း အားလုံးနဲ့အတူပူးပေါင်းပြီး ပြဿနာတွေ အဖြေရှာဖြေရှင်းနိုင်ဖို့ကြိုးစားနေကြောင်း၊ ယူကရိန်းက သီးနှံတွေ လွတ်လပ်စွာတင်ပို့ရောင်းချနိုင်ရေးအတွက် ကုလသမဂ္ဂကဦးဆောင်ညှိနှိုင်းပေးခဲ့တဲ့ ပင်လယ်နက် သယ်ယူပို့ဆောင်ရေးသဘောတူညီချက်ကိုလည်း ထိုင်းနိုင်ငံကထောက်ခံအားပေးကြောင်း ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်လို့လည်း အာဖဂနစ္စတန်က လူမှုကူညီရေးလုပ်ငန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program, WFP) ကနေ တဆင့်ကူညီပေးနေကြောင်း၊ ယူကရိန်းမှာ လိုအပ်နေတဲ့ လူမှုကူညီရေးလုပ်ငန်းတွေအတွက် ယူကရိန်း ကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့  (UNICEF) တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း လှူဒါန်းတာအပါအဝင် အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစီအစဉ်အမျိုးမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေကိုလည်း UNICEF၊ WHO၊ WFP၊ ICRC တို့ကတစ်ဆင့် ပေးနေတယ်လို့ ပြောပါတယ်။

ကီလိုမီတာပေါင်း ၂၄၇၀ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မြန်မြန်ဆန်ဆန် ပြန်လည်တည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံး ဆွေးနွေးညှိနှိုင်းကာ တင်းမာမှုတွေဖြေလျော့ပြီး မတူညီမှုတွေကို ငြိမ်းချမ်းစွာ ညှိနှိုင်းကြဖို့တောင်းဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်းနဲ့ အာဆီယံရဲ့ ဆွေးနွေးညှိနှိုင်းနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ စည်းလုံးညီညွတ်မှုတွေကိုကြည့်ပြီး မြန်မာနိုင်ငံအရေးကို ကူညီဖြေရှင်းဖို့အတွက် အာဆီယံအဖွဲ့အစည်းဟာ အကောင်းဆုံးနေရာဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံအရေး ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅-၂၀၂၇ ကာလအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်လည်း ထိုင်းနိုင်ငံက လျှောက်ထားတင်ပြထားတယ်လို့ဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ တတိယပတ်ထဲမှာကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီက G20 အစည်းအဝေးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသင်းခေါင်းဆောင်များ အစည်းအဝေး (APEC Leaders Meeting)တွေဟာ ယူကရိန်းအရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းကြဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နောက်ဆုံးပိတ်ပြောကြားသွားခဲ့ပါတယ်။

Photo-MOFA-Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013