DVB Logo
Home
Lead Story
အညတြသူရဲကောင်း မောင်ပြုံး
DVB
·
September 27, 2022
အညတြသူရဲကောင်း မောင်ပြုံး
Donate to DVB

 “သယံဇာတ” 

နတ်တွေရင်ထဲက သယံဇာတ ဆိုတာ 

မျှတလေသမျှ လိုတရတဲ့ခေတ်နဲ့

မျိုးဆက်သစ်တွေ

ကျန်ရစ်ဖို့ ချန်ရစ်ခဲ့ကြပေဦးမယ်။ 

အာဏာရှင် သယံဇာတက မျက်တောင်တဆုံး။

နတ်သယံဇာတက မျက်စိတဆုံး

မျက်ဝန်းပေါင်းတွေက သိန်းသန်းများစွာ... 

ဆိုတဲ့ ကဗျာလေးကို လွတ်မြောက်နယ်မြေ အခြေအနေတခုမှာ ကလေးတွေအတွက် NUG School ဆိုတဲ့ နတ်ကျောင်း စာသင်ကျောင်းလေးဖွင့်တုန်းက အမှတ်တရ ကဗျာလေးရေးခဲ့သူ။  သူ့အမည်က မောင်ပြုံး။ ဒီအမည်ရ သူ့အမည်အရင်းမဟုတ်။ ၂၀၂၁ စစ်ဏာသိမ်းတော့ သူ့ရဲ့မြို့လေးမှာ ဆန္ဒပြရင် လက်နက်စွဲကိုင်ပြီး ပြန်ချမှဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မတ်လမှာ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေကို တိုက်ခိုက်ရေးသင်တန်း လာတက်ခဲ့တယ်။ သူအပါအဝင် သူ့မြို့က အပေါင်းအသင်း ရောင်းရင်းများရောပေါ့။ သင်တန်းအပတ်စဥ်က NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PDF အပတ်စဥ် ၄ အဖြစ် သစ္စာခံ တပ်သားရဲဘော် ဖြစ်ခဲ့တယ်။ သင်တန်းမှာ သူ့ကို ကချင်ကြီးအဖြစ် သိကြတယ်။ သူက ကချင်ပြည်ဘက်ကနေ မိသားစု ဝန်ထမ်းအလျောက် နောက်ဆုံးရောက်ခဲ့တဲ့ တာဝန်ထမ်းဆောင်တဲ့မြို့ ဖြစ်နေလို့ပါ။ ဒါပေမဲ့ သင်တန်းသားတွေ ဆရာတွေက မည်သည့်အကြောင်းအရာ order ဖြစ်နေပါစေ အမြဲတမ်း ပြုံးပြုံးလေးနဲ့ နေတတ်လို့ မောင်ပြုံးဆိုပြီး အမည်တွင်လေရဲ့။ မောင်ပြုံးက အနုပညာ အတော်ဝါသနာပါတယ်။ ကဗျာတွေရေးတယ်။ သီချင်းရေးတယ်။ ဝတ္ထုတိုတွေလည်း ရေးတယ်။ ဒီကာလဆိုတော့ တော်လှန်ရေး အကြောင်းအရာတွေပေါ့။

“ကိုပြုံးကလေ သင်တန်းကာလ မပြည့်မစုံတဲ့ကြားက ဂီတာတီးရင်တောင် ရှိတဲ့ကြိုးနဲ့ လှအောင်တီးတယ်။ ဟင်းချက်တဲ့အခါရော မုန့်တွေ လုပ်ကျွေးတဲ့အခါပါ စိတ်ရှည်ရှည်နဲ့ လုပ်ကျွေးတယ်။ သူက အလုပ်တခုခုကို အာရုံစူးစိုက်ပြီး လုပ်တတ်တယ်”လို့ သင်တန်း တပတ်စဥ်တည်း တက်ခဲ့တဲ့ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ နာနာက ပြောပါတယ်။

မောင်ပြုံးတို့ သင်တန်းဆင်းတော့ လက်နက်ဆိုတာထက် ယူနီဖောင်း မပြည့်မစုံနဲ့ သင်တန်းဆင်းခဲ့ရပေမဲ့ ရရာလက်နက်နဲ့ စစ်ဆင်ရေးတွေလုပ်ခဲ့လို့ အဲဒီသင်တန်းဆင်း PDF တွေကို ရိုးမကျားအဖြစ် ပဲခူးတိုင်း ပြည်သူတွေ အသိအမှတ်ပြုလာခဲ့ပါတယ်။

“ငါ့ညီရေ၊ မင်းက အလုပ်တိုင်းကို အနုပညာလို ခံစားလုပ်တတ်တယ်။ အဲလို အနုစိတ်လုပ်တော့ ဟင်းချက်တာတောင် မင်း ပင်ပန်းတာပေါ့ကွာ။ အို.. ဆရာကျောင်းကလည်း ဘယ်အလုပ်မဆို ဒီလိုလေးဗျ ဆိုပြီး အသေးစိတ် လုပ်နေတတ်သူ။ လုပ်နေရင်းလည်း အို... ကောင်းပါ့ဗျာလို့ ပြုံးပြုံးလေး ပြောနေတတ်တဲ့ မောင်ပြုံး မင်းတာဝန်ကျေခဲ့ပါတယ်” လို့ သင်တန်းတက်တည်းက တဆောင်တည်း တိုက်ပွဲမကျခင်အထိ အတူနေခဲ့တဲ့ CDM ပညာရေးဝန်ထမ်း ဆရာကျောင်းက မျက်ရည်စတွေနဲ့ ပြောနေလေရဲ့။

အဲဒီနေ့က မိုးတွေ တအားရွာတယ်။ သင်တန်းဆင်းပွဲ ကျွေးတာက အချဥ်ဟင်းနဲ့ ငါးပိထောင်း။ နာမည်ကျော် ဟားငါးကောင်အဖွဲ့လည်း မောင်ပြုံးတို့ သင်တန်းဆင်းပွဲမှာ အတူတက်ရောက်ခဲ့တယ်။ မောင်ပြုံးက အဲဒီနေ့မှာ နှုတ်ပြော ဝတ္ထုလေးတပုဒ် တော်တော်နဲ့မပြီး။ စိတ်ဝင်စားလို့ နားထောင်ရင်း ဇာတ်လမ်းက တော်လှန်ရေးပြီးမှ ဆုံးမှာဆိုပြီး ခပ်နောက်နောက် ပြောထွက်သွားလို့ ကျန်တဲ့သူတွေ ပါးစပ်အဟောင်းသား ကျန်ခဲ့ရဖူးတယ်လို့ မောင်ပြုံးရဲ့သူငယ်ချင်း ရဲဘော်တယောက်က ပြောလာပါတယ်။

“သင်တန်းရက်ရှည်တလျှောက် သူက ဘာခိုင်းခိုင်း ပြုံးလျက်ပဲ။ လေ့ကျင့်ရေး စစ်ကြောရေး လုပ်တာတောင် အပြုံးက မပျက်ချင်ဘူး။ ပထမတိုက်ပွဲတွေတုန်းကလည်း သူက ပေးတဲ့တာဝန်တခု အာရုံစူးစိုက် တအားကောင်းတယ်။ သူ တိုက်ပွဲမှာ ပေးတဲ့တာဝန်အတိုင်း နေခဲ့လို့ ရှေ့တန်းမှာ တယောက်တည်းကျန်ခဲ့သူ မောင်ပြုံးကို သွားပြန်ခေါ်ရသေးတယ်” လို့ သူ့ရဲ့ လက်ဦးဆရာက အလွမ်းမပြေ တိတ်ဆိတ်စွာ ဟိုးအရှေ့က တောင်တန်းကြီးကိုကြည့်ရင်း ပြောနေတယ်။

မောင်ပြုံးတို့က ၂၀၂၁ မတ်လထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ရောက်လာခဲ့တာ ယနေ့ဆို တနှစ်ကျော်နေပါပြီ။ သူတို့အဖွဲ့က NUG တောင်ပိုင်းတိုင်း တပ်ရင်း ၃၇၀၂ ရဲ့ သစ္စာခံ တပ်ဖွဲ့တွေ ဖြစ်သလို ကြံ့ကြံ့ခံရင်း ဒီနယ်မြေတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ရင်းတွေနဲ့အတူ တိုက်ပွဲတွေဝင်ရင်း ပဲခူးရိုးမအခြေပြု ပြောက်ကျားနည်းတွေနဲ့ တိုက်ပွဲဖော်ဆောင်ကြကာ တော်လှန်ရေးကာလ အိမ်ပြန်လွမ်းနေကြပေမဲ့ သူ အိမ်ပြန်မရောက်ဘဲ တော်လှန်ရေးလမ်းခုလတ်မှာ တိုင်းပြည်အတွက် အသက်ပေးခဲ့တယ်။

“မောင်ပြုံးရေ မင်းကို ပစ်လိုက်တဲ့ကျည်ဆန်က မင်းမိသားစု ရင်ကွဲပက်လက်ကို သွားမှန်ခဲ့တာ။ အဲဒီ သူတို့မျက်ဝန်းက မျက်ရည်စတွေက ငါတို့နှလုံးသားကို ဆွဲညှစ်လိုက်လို့ စီးကျလာတာ ဒီအမှန်တရား သိပ်ခါးတယ် ညီလေးရယ်..” လို့ NUG School ရဲ့ ကျောင်းအုပ်ကြီးလုပ်ခဲ့သူ ဆရာအောင်ရဲ့ ညည်းသံကဗျာက ခပ်သဲ့သဲ့သာရှိတော့တယ်။

“အာဏာရှင်စနစ် အမြစ်ပြတ်မှရမယ်။ ဒီစနစ်ချုပ်ငြိမ်းဖို့ ဘယ်လိုပင် ကြမ်းတမ်းပါစေ၊ ကြိုးစားပြီး တတ်စွမ်းသလောက် ဆောင်ရွက်မယ်လို့ ပြောခဲ့တဲ့ ညီလေး။ ညီ ကိုယ်တိုင် အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ရမယ်လို့ ရေးဖွဲ့သီဆိုခဲ့တဲ့ သီချင်းလေး နားထဲစွဲတုန်း။ အခုတော့ ညီလေးရေ မကြာခင်ကာလတွေမှာ တို့တွေ နိုင်တော့မှာကွ။ အိမ်ကို အတူတူပြန်မယ်။ ပြီးရင် တယောက်အိမ် တယောက် လျှောက်လည်မယ်ပြောတဲ့ မောင်ပြုံးရေ။ နှုတ်မဆက်ဘဲ ရုတ်တရက် ခွဲခွာသွားတာ စောလွန်းတယ်ကွာ” လို့ တနယ်သားချင်းအတူ သင်တန်းလာတက်တဲ့ အစ်ကိုတဦးက တက်တခေါက်ခေါက် ပြောနေတယ်။

သတင်းတွေကြားကြားချင်း သူ့အမေက မယုံလို့ ပုံပို့ပေးပါဦးလို့ သူ့ဆွေမျိုးတွေကတဆင့် တောင်းဆိုကြပေမဲ့ ရိုးမကျားတပ်ဖွဲ့က ပုံ ယနေ့အထိ မရရှိခဲ့သေးပါလို့ သိရပါတယ်။

“နွေဦးတော်လှန်ရေးမှာ အညတြ သူရဲကောင်းတွေ ကျဆုံးခဲ့ကြတယ်။ ရရာသေနတ်စွဲကိုင်ပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြတယ်။ မောင်ပြုံး အရင်ကလည်း ရိုးမကျားတပ်ဖွဲ့မှာ မိုင်းလုပ်ရင်း error တွေရယ် ထိတွေ့တိုက်ပွဲတွေရယ် ကြားကနေ အသက်ပေးလှူခဲ့သူ ၇ ဦးအထိ ရှိပါပြီ။ သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုသလို မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်” လို့ ရိုးမကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

မောင်ပြုံးလို သူရဲကောင်းတွေ စစ်အာဏာရှင်ကို တော်လှန်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသူတွေ ဘယ်လောက်ရှိပြီလဲ။ မောင်ပြုံးလို မှတ်တမ်းမတင်ဖြစ်တဲ့ သူရဲကောင်းအချို့လည်း ရှိချင် ရှိနေမှာပေါ့။

ဒါပေမဲ့ ၁၉၆၂ အာဏာသိမ်းမှုကနေ ၂၀၂၁ အာဏာသိမ်းမှုကို ခေတ်အဆက်ဆက် တော်လှန်ကြရင်း ဒီ နွေဦးတော်လှန်ရေးက အာဏာရှင် အမြစ်ဖြုတ်မယ့်ပွဲလို့ စာရေးသူ တထစ်ချ ယုံကြည်လျက်ပါ။ မောင်ပြုံးရေ အာဏာရှင်ကို အမြစ်ဖြုတ် အရေးတော်ပုံ အောင်ရမည်။ အောင်ကို အောင်ရမည်။

ရွှေနွယ်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013