DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့်မကွေးတိုင်း မြို့နယ်အချို့၌ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အကျအဆုံး များပြား
DVB
·
September 27, 2022
စစ်ကိုင်းနှင့်မကွေးတိုင်း မြို့နယ်အချို့၌  စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အကျအဆုံး များပြား
Donate to DVB

စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းက မြို့ နယ် တချို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းတွေဟာ ကုန်လမ်းနဲ့ ရေလမ်းတွေကပါ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ကျဆုံး များတယ်လို့  သက်ဆိုင်ရာမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကနေ ‌ထွက်ခွာလာတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို  စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီလောက်က ဘိုးမင်းကြီးကင်း နဲ့ ဂွေးပင်တောကျေးရွာကြားမှာ မိုင်တဲ တဖက်ပွင့် ရှေ့ထွက်မိုင်း ၄ လုံးနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က  တိုက်ခိုက်ခဲ့လို့  စစ်သား ၇ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ် ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

မြောင်မြို့နယ် ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM တာဝန်ရှိသူ ကိုနွေဦးက "အဲဒီစစ်ကြောင်းက တပ်ဖျောက်ပြီးလာတဲ့ ပုံစံမျိုးဖြစ်တယ်။ အဲဒီအချိန် သူတို့လာတဲ့ လမ်း ကြောင်းမှာ စစ်ဘေးရှောင်တွေကလည်း ပြေးကြလွှားကြဆိုတော့ လူမှားပြီး မိုင်းဆွဲမိမှာ စိုးတဲ့အတွက် မလုပ်နိုင်ခဲ့တာပါ။  ၂၅ ရက်မှာ ဘိုးမင်းကြီးကင်းမှာ သူတို့ စစ်ကြောင်း စခန်းချ ညအိပ်တယ်။ အခု ၂၆ ရက်မှာတော့ ဘိုးမင်းကြီးကင်းကနေ ပြန်အထွက်မှာ ကျနော်တို့ မဟာမိတ်အင်အားစုတပ်ဖွဲ့တွေပူးပေါင်းပြီး မိုင်တဲ တဖက်ပွင့် ရှေ့ထွက်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။

အလားတူ ဝက်လက်မြို့နယ်မှာလည်း စက်တင်ဘာ ၂၆ ရက် မနက် ၆ နာရီလောက်က ဧရာဝတီမြစ်အတွင်း ရဲ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် လိုက်ပါလာတဲ့ စက်လှေ ၁ စီးကို ရေမြုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံး၊ ၃ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင် ဗိုလ်တီက "မြစ်ကြောင်း အတွင်း  လာတာကို ပြောက်ကျား တိုက်ခိုက်ခဲ့တာ။ ရှိမ်းမကားစခန်းက ကောင်တွေပါ" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ၅ ယောက်မှာ ရှိမ်းမကားရဲစခန်းက ဒုရဲအုပ် အေးဝင်းထွန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကျော်ဝင်းထွန်း၊ စည်သူမောင်တို့ပါတယ်လို့ သိရပါတယ်။

ရှိမ်းမကားကျေးရွာဝန်းကျင်နဲ့ ဧရာဝတီမြစ်ထဲ သွားလာနေတဲ့ ရေယာဉ်တွေကို ရဲနဲ့စစ်ကောင်စီ တပ်တွေေ မကြာခဏ စစ်ဆေးတာတွေရှိပြီး အဓမ္မငွေကြေး တောင်းခံတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်မနက်ပိုင်းကလည်း မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၁ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် က ၂ ယောက် သေဆုံး၊ ၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ Urban Underground Revolution Force(ရေစကြို) က ပြောပါတယ်။

ဂွေးချိုရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့က မနက် ၈ နာရီလောက်မှာ ရေစကြို ပ.က.ဖ ဦးဆောင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ UURF(ရေစကြို)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ် K ချစ်က  ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဆင်ချောင်း၊ ဟင်္သာနဲ့ဆင်မရဲရွာဘက်က  စစ်ကူရောက်လာလို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ် K ချစ်က ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013