DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ ရပ်ကွက်အချို့ ရေဝင်ပြီး ပြည်သူ ၁,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ ခိုလှုံ
အောင်ခန့်
·
September 3, 2026
ဘားအံမြို့ ရပ်ကွက်အချို့ ရေဝင်ပြီး ပြည်သူ ၁,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ ခိုလှုံ
1 / 7
Photo: DVB
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့ ရပ်ကွက်တချို့မှာ သံလွင်မြစ်ရေ ဝင်ရောက်ပြီး ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်ဟာ ယာယီကယ်ဆယ်ရေးစခန်း ၄ ခုမှာ ခိုလှုံနေရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာပြီး တောင်ကျရေကြောင့် သံလွင်မြစ်ရေလျှံပြီး ဒုတိယအကြိမ် ရေကြီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာကို ရောက်ရှိနေပါတယ်။

ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်တွေကို ရေဝင်ရောက်ခဲ့ပါတယ်။

ဒါကြောင့် ရေဘေးသင့်ပြည်သူတွေဟာ မိုးလုံလေလုံအားကစားရုံ၊ ရွှေယဉ်မျှော်ဘုရား၊ အထက ၃ အားကစားရုံနဲ့ အထက ၃ ခွဲ ယာယီကယ်ဆယ်ရေးစခန်း ၄  ခုမှာ လူဦးရေ ၁,၀၀၀ ကျော် ခိုလှုံနေရပါတယ်။

လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတယောက်က “အပေါ်က မိုးတအားများတယ်။ ဒီနေ့မှ မိုးရပ်တာ။ မနေ့က အားချင်းတက်တော့ သရက်တောဘုန်းကြီးကျောင်းဝန်းထဲမှာ သွားပုံနေတာ။ ဘယ်လိုပြောမလဲ နှစ်တိုင်းထိထားတော့ သိပ်တော့ မပင်ပန်းတော့ဘူး။ နောက်တခုကလည်း ရေမြုပ်တဲ့နေရာမှာ နေတဲ့လူတွေကလည်း နပ်သွားပြီ။ ထိပေါင်းများတော့။ ရေတက်လာတာနဲ့ တခါတည်း ပြေးတာ။ စခန်းဖွင့်ဖွင့် မဖွင့်ဖွင့်။ သူတို့ သတ်မှတ်ထားတဲ့နေရာလေးတခု လုပ်ပေးထားတယ်။ မိုးတအားကောင်းလို့။ အခု မြစ်ရေကျတော့ မိုးရေပါလိုက်ဆင်းတယ်။ ကျနေပြီ။ (ကယ်ဆယ်ရေးစခန်းတွေ) မပြန်သေးဘူး။ ဘာလို့ဆိုတော့ စိုးရိမ်အမှတ်က ၇၅၀ ပေါ့။ လောလောဆယ် ၈၀၀ ကျော်မှာ ရှိနေသေးတယ်၊ ပြန်လို့တော့ မရသေးဘူး” လို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ယာယီကယ်ဆယ်ရေးစခန်းတွေအပြင် ပြည်နယ်အစိုးရက ရေဘေးသင့်ပြည်သူတွေ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ ထောက်ပံ့ပေးထားတယ်လို့ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် နှစ်စဉ် ရေကြီးတာကို ရင်ဆိုင်နေရတဲ့ ဘားအံမြို့မှာ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ လှေမလုံလောက်မှုတွေကြောင့် အခက်အခဲတွေ ရှိနေပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ အကူအညီနဲ့ အခက်အခဲမရှိ ရွှေ့ပြောင်းခဲ့ရတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတယောက်က “မနေ့က ပြောင်းကြတာ တပုံကြီးပဲ။ အောက်နန်း ၄ လမ်း ၅ လမ်း။ နောက် ဝါဆိုဦးထဲမှာလည်း ပြောင်းနေကြတယ်။ ရေအခြေအနေက နည်းနည်းလေးတော့ ကျတယ်။ သူတို့ စခန်းဖွင့်ထားပေးတယ်။ ရွှေ့ပြောင်းတာတော့ အခက်အခဲမရှိပါဘူး။ ကျနော်တို့ ဒီကနေ ကယ်ဆယ်ရေးကားတွေနဲ့ ရွှေ့ပြောင်းပေးတယ်။ လူမှုကယ်ဆယ်ရေးကား ၃၊ ၄၊ ၅ စီးနဲ့ ရွှေ့ပြောင်းပေးတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ဘားအံမြို့နယ်အတွင်းက ကျေးရွာတချို့မှာလည်း ရေကြီးနစ်မြုပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အပြင် စာသင်ကျောင်းတွေပါ ပိတ်ထားရတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတယောက်က “အခု ရေကြီးနေတယ်လေ။ ရေက တက်တာနှေးပြီး အကျလည်း နှေးနေတယ်။ (ရေကြီးတာ) အစ်မတို့ ကုန်းပိုင်းက တပတ်လောက်ရှိပြီ။ ဟိုအနောက်ပိုင်းဘက်ဆိုရင် ၁၅ ရက်လောက်ရှိပြီ။ သွားရေးလာရေးက လှေရှိတဲ့အိမ်တွေက လှေနဲ့သွားပေါ့။ လူတွေက နှစ်စဉ်ဖြစ်နေတော့ ကိုယ့်ဘာကိုယ် ကြိုတင်ကာကွယ်ထားကြတယ်။ စာသင်ကျောင်းပိတ်ထားတယ် ဥပုသ်နေ့ကတည်းက။ ကျောင်းသွားဖို့ ရေတွေ များနေတယ်။ နောက်ပြီး ကျောင်းအောက်ထပ်က ရေရောက်နေတယ်။ ရေမြုပ်တယ်။ အဲဒါကြောင့်မို့လို့ ပိတ်ထားတာ။ ရေထဲမှာပဲ အားလုံးနေကြတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်က ဘားအံမြို့မှာ ပထမအကြိမ် သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၈၃၀ စင်တီမီတာကို ရောက်ရှိခဲ့တာကြောင့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်တွေကို ရေစတင်ဝင်ရောက်ခဲ့တာကြောင့် ရေဘေးသင့်ပြည်သူတွေဟာ ယာယီကယ်ဆယ်ရေး စခန်း ၃ ခုမှ ခိုလှုံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013