
ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့လယ်ကောင်လမ်းမကြီး သာစည်ရပ်ကွက်ရှိ နန်းတော်ဦး ငွေလဲကောင်တာမှာ စက်တင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီကျော်ခန့်က mask တပ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတဦးက တရုတ်ငွေနဲ့ မြန်မာငွေ လဲလှယ်ချင်ယောင်ဆောင်ပြီး သေနတ်ပြကာ သိန်း ၅၀ ကျော် ဓားပြတိုက်သွားတယ်လို့ သိရပါတယ်။
“သူ လာလဲတာက တရုတ်ငွေ ၇၀၀၀ ကျော်။ မြန်မာငွေနဲ့လဲရင် သိန်း ၃၀ ကျော်ရမယ်။ အဲဒါ ဆိုင်မှာက အမျိုးသမီး၀န်ထမ်း ၃ ဦးလောက်ပဲ ရှိတာ။ အိမ်ရှင်ကလည်း ခရီးထွက်နေတာ။ ပိုက်ဆံထုတ်ရေနေတုန်း သေနတ်တလက် ထုတ်ချိန်ပြီး ရှိတဲ့ပိုက်ဆံ အကုန်ထုတ်ပေးဆိုပြီး သူ့တရုတ်ငွေကို ပြန်ယူသွားတာ။ သိန်း ၅၀ ကျော် ပါသွားခဲ့တယ်” လို့ ဆိုင်၀န်ထမ်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စီစီတီဗွီကို ပြန်စစ်ကြည့်တဲ့အခါမှာတော့ သေနတ်ဟာ အတုဖြစ်နိုင်ဖွယ်ရှိပြီး သူတဦးတည်း ဆိုင်ကယ်စီးလာတာလို့ မြို့ခံတဦးက ပြောပါတယ်။
ဗန်းမော်မြို့မှာ နေ့ခင်းကြောင်တောင် ဓားပြအတိုက်ခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်ကျော်လောက်က ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။
ဗန်းမော်မြို့နယ်မှာ ဥပဒေမဲ့လုပ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်နေပြီး ခိုးဆိုးလုယက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် မြို့ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရပါတယ်။