DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဖမ်းဆီးထားသည့် ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်
DVB
·
September 26, 2022
စစ်ကောင်စီက ဖမ်းဆီးထားသည့် ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်
Donate to DVB

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာကျော်သူရထွန်းကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ 

ဒေါက်တာကျော်သူရထွန်းဟာ စက်တင်ဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခမရ(၅၄၄) တပ်ရင်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့ကမှ တောင်ကုတ်မြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

“သူ့ကို သောကြာနေ့က ရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်။ စနေနေ့မှာ ကျမတို့နဲ့ တွေ့ခွင့်ရတယ်။ ကျန်းမာရေးကတော့ သိပ်မကောင်းဘူး။ အားနည်းလို့ ဆေးသွင်းထားရတယ်လို့ ပြောတယ်။ သူ့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့တော့ သိရတယ်။ ကျမတို့လည်း ဥပဒေပိုင်းတွေကို သိပ်နားမလည်တော့ ဘယ်ပုဒ်မတွေနဲ့ ဖွင့်ထားတယ် ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။ 

ဒေါက်တာကျော်သူရထွန်းဟာ သွားဆရာဝန်တယောက်ဖြစ်ပြီး အစိုးရ ဝန်ထမ်းအလုပ်ကိုမလုပ်ဘဲ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ တောင်ကုတ်မြို့အတွင်း လူမှုရေးလုပ်ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။  

အမှုအကြောင်း အသေးစိတ်သိရဖို့ တောင်ကုတ်မြို့မရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။ 

ရှေ့နေတယောက်က “ရဲစခန်းမှာ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားတယ် ဆိုရင်တော့ ပုဒ်မ ၁၇(၁)(၂) တို့နဲ့ တရားစွဲဆိုထားတွေရှိတယ်။ ပြစ်ဒဏ်အဖြစ်  ပုဒ်မ ၁၇(၁) ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်နဲ့အတူ ငွေဒဏ်ပါချမှတ်နိုင်ပြီး ပုဒ်မ ၁၇(၂) ကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ငွေဒဏ်နဲ့အတူ ချမှတ်နိုင်တယ်”လို့ ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီက အရပ်သား ၃၀ နီးပါးအထိ ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013