
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြက်ဆူအိုင်ကျေးရွာနားမှာ ဒီနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ မြိုင် ပ.က.ဖ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ကြက်ဆူအိုင်ရွာက နေအိမ် ၄ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မြိုင် ပ.က.ဖ ဆီကနေ သိရပါတယ်။
မြိုင်မြို့နယ် ကျောက်ခွက်ရွာဘက်ကနေ ထွက်လာ တဲ့ စစ်ကြောင်းကို ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ မြိုင် ပ.က.ဖ က လက်နက်ကြီးတွေ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးခဲ့တဲ့ စစ်သားအလောင်း တလောင်းကိုတော့ ကြက်ဆူအိုင်ရွာနားမှာ မီးရှို့သင်္ဂြိုဟ်ခဲ့သလို နောက်ထပ်တလောင်းကိုတော့ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာတွေ့ရပြီး မနေ့ကတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးအောင်ဆန်းဝင်းအတွက် အမိန့်စာတစောင်ကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ အထိနာခဲ့တဲ့ စစ်သားတွေဟာ ကြက်ဆူအိုင်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
နှစ်ဖက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ သြဂုတ် ၂၅ ရက်နေ့အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။