DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်၌ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေး၊ လက်နက်ကြီးကြောင့် ကျောက်တော်က ကလေး ၁ ဦးသေဆုံး
DVB
·
September 26, 2022
ဘူးသီးတောင်၌ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေး၊ လက်နက်ကြီးကြောင့် ကျောက်တော်က ကလေး ၁ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး သိမ်တောင်ဗျူဟာစခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင်တပ်တော်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် သိမ်တောင်စစ်ဗျူဟာစခန်းကို မနေ့ည ၇ နာရီလောက်မှာ အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

သိမ်တောင်စခန်းဟာ ဘူးသီတောင်မြို့နဲ့နီးတာကြောင့် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ- ၁၅ နဲ့ အမှတ် ၅၅၁ တပ်ရင်းတွေက လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဘက်သေဆုံးတာတွေ ရှိနိုင်ပေမဲ့ နှစ်ဖက်လုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

အဲဒီနေ့ ညနေ ၄ နာရီက ညဘက်အထိ ဂူတာပြင်ကျေးရွာအုပ်စုက သရက်တောင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာကြောင့် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု တောင်ရွာ၊ ဂူတာပြင် နဲ့ သရက်တောင်ရွာတို့က ဒေသခံ ၂၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖုံညိုလိပ်ရွာမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။ 

အခုရက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်အားလုံးနေရပ်ပြန်ကြဖို့  စစ်ဗျူဟာမှူး အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာပေါင်းစုံက ဖိအားပေးပြောဆိုနေကြပေမဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်လို စိတ်မရှိ ဖြစ်ကြပါတယ်။

အခုလို စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေပေမဲ့  ရွာတွေမှာ မလုံခြုံသလို လက်နက်ကိုင် နှစ်ဖွဲ့ကြား အခက်အခဲတွေ ကြုံလာနိုင်ကြောင်း တင်ပြခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်ည ၁၁ နာရီကလည်း အမှတ် ၉ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာနေ ဒုတိယတန်းကျောင်းသား မောင်ကိုနိုင် (ခ) မောင်ကြီး သေဆုံးခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

"လက်နက်ကြီးက ရွာထဲမှာ ၃ လုံးလောက်ကျတယ်။ တိုက်အိမ်တခုမှာ အခုသေသွားတဲ့ ကလေးနဲ့ လူ ၁၀ ယောက်ကျော်လောက် စုပြီး အိပ်နေကြတာ။ အဲဒီအိမ်ကို လက်နက်ကြီးကျပြီး ခေါင်ရော၊ ခင်းထားတဲ့ ပျဉ်းတွေပါ ဖောက်ပြီး ပေါက်ကွဲသွားတာဖြစ်တယ်။ အဲဒီမှာ ကျေးရွာက ကျန်းမာရေးလုပ်သား သူနာပြုဆီကို သွားပြီ ဆေးကုပေမဲ့ သူလည်း မနိုင်တဲ့ အခြေအနေဆိုတော့ မြို့ကလူမှုကူညီရေး အဖွဲ့တွေဆီကို ဖုန်းဆက်ခေါ်ကြတယ်။ သူတို့ကလည်း လာလို့မရဘူးပြောတယ်။ ကလေးက အဲဒီဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး သေသွားရတာ။" 

ဦးကျော်ထွန်းစိန်ဆိုသူမှာလည်း ညာဘက် လက်မောင်းအောက်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားတယ်လို့ ကျေးရွားသားတွေက ပြောပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ မအောင်မြင်လာတာကြောင့် ရက္ခိုင်တပ်တော်နဲ့ ရခိုင်ပြည်သူတွေကြား အမုန်းတရားပေါ်လာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ လွှတ်တော်အမတ်ဟောင်တွေနဲ့ ဒေသတွင်း စစ်ရေးလေ့လာသူများက ပြောဆိုလာကြပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်အမတ်အဟောင်း တဦးက "စစ်ကောင်စီက ပြည်သူတွေဘက်ကို  ဦးလှည့်လာနေတယ်။ လမ်းတွေ ပိတ်ထားတယ်။ ရိက္ခာတွေ မသယ်ရဘူး။ ပြည်သူတွေကို ဖမ်းတယ်။ ပစ်သတ်တယ်။ ကျေးရွာတွေကို မီးရှို့တယ်။ လေကြောင်းနဲ့ ရွာတွေနား ဗုံးချတယ်။ ဒါဟာ ပြည်သူတွေက အေအေ ​နဲ့ တိုက်ပွဲဖြစ်လို့ ငါတို့ ဒုက္ခရောက်တယ်ဆိုပြီး အေအေ ကို အမုန်းတရားတွေ ဖြစ်လာအောင် နေရာတိုင်းမှာ ကြိုးစားလာနေတယ်" လို့ ပြောပါတယ်။

၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီနောက်ပိုင်း စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲတွေ ရပ်နားခဲ့ကြပြီး ၂၀၂၂ ခုနှစ် သြဂုတ်ဆန်းပိုင်းက စလို့ မောင်တောဒေသမှာ  တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်  လူ သေဆုံးတာတွေ နဲ့  အိုးအိမ်၊ စျေးဆိုင်တွေ ပျက်စီးဆုံးရှုံးနေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ နေ့စဥ် တိုက်ပွဲတွေ ဖြစ် ပွားနေပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးလို့ လေကြောင်း တိုက်ခိုက်နေပေမဲ့ တပ်စခန်း အများအပြား နဲ့ ရေယာဥ် ၂ စီးကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း  အများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013