DVB Logo
Home
မြန်မာသတင်း
ပလက်ဝ၊ မင်းပြားနှင့်ကျောက်တော်မြို့တို့၌ ပစ်ခတ်မှုများဖြစ်၊ ဘူးသီးတောင်စစ်ရှောင်များ နေရပ် ပြန်ခိုင်း
DVB
·
September 25, 2022
ပလက်ဝ၊ မင်းပြားနှင့်ကျောက်တော်မြို့တို့၌ ပစ်ခတ်မှုများဖြစ်၊ ဘူးသီးတောင်စစ်ရှောင်များ နေရပ် ပြန်ခိုင်း
Donate to DVB

ရခိုင်ပြည်နယ် မင်းပြား နဲ့ ကျောက်တော်မြို့တွေမှာ စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်နဲ့  ဈေးဆိုင်တွေ ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတွေက “မင်းပြားမှာ ကမ်းနားလမ်းက လူနေအိမ် ၂ လုံး ပျက်စီးသွားတယ်။ ကျောက်တော်မှာ မြို့မစျေးကြီးပေါ် လက်နက်ကြီးကျလို့  ဆိုင်ခေါင်မိုးတွေ ပွင့်ထွက်သွားတယ်” လို့  ပြောပါတယ်။

မင်းပြားမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းတို့မှ ကင်းလှည့်တပ်သားတွေက မင်းပြားမြို့အတွင်း ဝင်ရောက်ပစ်ခတ်သွားခဲ့တာကြောင့်  အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး ဦးအောင်ကြည်လင်း နေအိမ် နဲ့ ကိုဝင်းသိန်း ငွေလွှဲဆိုင်တို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျောက်တော်မြို့မှာ‌တော့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မြို့မဈေးက စားကုန်ဆိုင် တဆိုင်ရဲ့ ခေါင်မိုး  ပွင့်ထွက် ပျက်စီးသွားသလို စက်တင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် တည်းခိုရိပ်သာတခု ပျက်စီးခဲ့ပြီး ရှမ်းရွာရပ်ကွက် မြို့ပတ်လမ်းက နေအိမ် တလုံးရဲ့ ခေါင်မိုးနဲ့ နံရံတွေဟာလည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ပလက်ဝမြို့နယ် နှမဒါဘက်မှာ မနေ့က ညနေ ၃ နာရီကျော်လောက်ကနေ ညပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်။” 

နှမဒါရွာနားက စစ်တပ် စခန်းကုန်း တခုကို ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းပိုက်ထားကာ ကျန် စခန်းကုန်း ၃ ခုကို ထပ်မံသိမ်းပိုက်ဖို့ ထိုးစစ်ဆင်တာကြောင့်  တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဘက်က တိုက်လေယာဥ် ၂ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ပလက်ဝအခြေစိုက် ခလရ ၂၇၉ ကလည်း လက်နက်နဲ့ ပစ်ကူပေးခဲ့ပြီး တိုက်ပွဲအတွင်း ၂ ဘက် ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ မသိရသေးဘူးလို့ အေအေနဲ့ နီးစပ်သူက ပြောဆိုပေမဲ့ ရက္ခိုင်တပ်တော်နဲ့ စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောဘက်က စစ်ရှောင်စခန်းတွေကို အခုလကစပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတွေက စားနပ်ရိက္ခာ ထောက်ပံ့ကူညီတာ မရှိသေးဘူးလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီဒေသက စစ်ဘေးရှောင်တွေကို ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက စားနပ်ရိက္ခာနဲ့ အိမ်သုံးပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ စက်တင်ဘာ ၂၄ ရက်မှာ ICRC က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးလေ့လာသူ တဦးက “ICRC က သတင်းထုတ်ပြန်တာမှာ  ဘယ်နေ့၊ ဘယ်ရက်မှာ ကူညီ ထောက်ပံခဲ့တယ်ဆိုတာကို ဖော်ပြမထားဘူး။ အမှန်က သတင်းထုတ်ပြန်ရင် နေရက်၊ အချိန်တွေ ကို ထည့်ရေးဖို့ လိုတယ်။ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းမှာ ICRC ရဲတရားဝင် Page ကနေ မြန်မာ နဲ့ ဘင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ပြန်လိုက်တော့ မနေ့က ၂၄ ရက်မှာ ကူညီထောက်ပံ့ ကြသလို ဖြစ်သွားတယ်။ ဒါဆို ရခိုင်စစ်ဘေးရှောင်တွေကို ကူညီဖို့ ပြင်ဆင်နေကြတဲ့ ပြည်တွင်း၊ပြည်ပ အဖွဲ့ အစည်းတွေက ICRC က ထောက်ပံ့နေတာပဲ ငါတို့ ကူညီဖို့ မလိုတော့ဘူးလို့ စိတ်ပြောင်း သွားနိုင်တယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေကိုကူညီပေးနေတဲ့ အောင်ဗဆရာတော်အသျှင်သုစိတ္တမာလာက "သူတို့ ထောက်ပံ့ ခဲ့တာက သြဂုတ်လဆန်းပိုင်းက စစ်ဘေးရှောင်တွေ စရောက်တဲ့ အချိန်။ စက်တင်ဘာလမှာ ဒီနေ့ အထိ ထောက်ပံ့ပေးတာ မရှိသေးဘူး။  စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ  လိုအပ်နေ တယ်" လို့ မိန့်ပါတယ်။

စက်တင်ဘာ ၁၆ ရက်ကစပြီး မြို့နယ် ၆ မြို့နယ်မှာ စစ်ရှောင်တွေကို ကူညီထောက်ပံ့နေတဲ့ NGO၊ INGO တွေကို ခရီးသွားလာတာ ကူညီတာတွေ မလုပ်ဖို့ အကန့်အသတ် မရှိ ရပ်တန့်ထားပါတယ်။

ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်တွေကိုတော့ စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေတယ်လို့ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။ 

"စစ်ဘေးရှောင်စခန်းတွေကို ဗျူဟာမှူး နဲ့ ထွေအုပ်က လာပြောတာပါ။ သီကျွတ်ပြီးတာနဲ့ မိမိတို့ နေရပ်ကို ပြန်မဖြစ်မနေ ပြန်ကြဖို့ ပြောတယ်။ နေအိမ်တွေ ဆောက်ဖို့ မိသားစုတစုကို ငွေခြောက်သိန်းစီ ပေးမယ်လို့ ပြောပါတယ်။" 

အခုလို့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေပေမဲ့  ရွာတွေမှာ မလုံခြုံသလို လက်နက်ကိုင် နှစ်ဖွဲ့ကြား အခက်အခဲတွေ ကြုံလာနိုင်ကြောင်း တင်ပြခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ရှောင် တဦးက "နေရပ်ကို ပြန်ချင်ကြတာပေါ့။ အခုဆို အိမ်ကို မပြန်နိုင်တာ ၂ နှစ်ကျော်နေပြီ။ ဘယ်သူက မပြန်ချင်ပဲ နေပါမလဲ။ ပြန်ရင်လည်း အခုအချိန်မှာ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြားမှာ လုံခြံမှုမဲ့စွာ နေထိုင်ကြရမယ်” လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ်ကစပြီး မြန်မာတပ်မတော် နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်က ကြာညိုပြင်၊ သရက်ပြင်၊ ဥယယဉ်သာ၊ စဂိုးထောင်၊ သသျှားတေယင် စတဲ့ ကျေးရွာပေါင်း ၃၀ လောက် ဒေသခံတွေဟာ နေရပ်စွန့်ခွာနေကြရပြီး စစ်ဘေးရှောင်စုရပ် ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့ပေါ်က လမ်းမကျောင်းဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနဲ့ မြတောင်ကျောင်း စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် စုစုပေါင်း ယောက် ၁၃၀၀၀ ကျော် နေထိုင်နေကြပြီး စစ်ဘေးရှောင်စခန်းတွေရဲ့ ပြင်ပမှာ စစ်ရှောင်ဦးရေ ၂၈၁၈၂ ဦး နေထိုင်နေကြတယ်လို့ ထွေ/အုပ်စာရင်းအရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ နေ့စဥ် တိုက်ပွဲတွေ ဖြစ် ပွားနေပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးလို့ လေကြောင်း တိုက်ခိုက်နေပေမဲ့ တပ်စခန်း အများအပြား နဲ့ ရေယာဥ် ၂ စီးကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း  အများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013