DVB Logo
Home
မြန်မာသတင်း
မူဆယ်၌ ကားလုယက် အဓမ္မကျင့်လူသတ်ခဲ့သည့် အမျိုးသား ၄ ဦးကို သေဒဏ်နှင့် ထောင်ဒဏ်ချ
DVB
·
September 24, 2022
မူဆယ်၌ ကားလုယက် အဓမ္မကျင့်လူသတ်ခဲ့သည့် အမျိုးသား ၄ ဦးကို သေဒဏ်နှင့် ထောင်ဒဏ်ချ
Donate to DVB

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦးကို ကားလုယက်ကာ  အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၄ ယောက်ကို  ပြစ်မှုထင်ရှားတာကြောင့် မူဆယ်ခရိုင်တရားရုံးက စက်တင်ဘာ ၂၃ ရက်မနက်က သေဒဏ်နဲ့ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ တရားလိုရဲ့မိသားစုဝင်တွေထံက သိရပါတယ်။

ချောက်ရို့၊ မောင်ထွေး (ခ) အားရှန်၊ အားရှင် (ခ) မြင့်ဦးနဲ့ အားချန် (ခ) သိန်းဦး တို့လေးယောက်ကို မူဆယ်ခရိုင်တရားရုံးမှာ  ရုံးတင်စစ်ဆေးခဲ့မှာ  ပြစ်မှုထင်ရှား ကိုယ်တိုင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တာကြောင့် စက်တင်ဘာလ ၂၃ ရက် မနက် ၁၁ နာရီက မူဆယ်ခရိုင်တရားရုံးက  ရာကြီးအမှတ် ၅၁/၂၀၂၂ အရ ပြစ်ဒဏ်စီရင်ခဲ့တာပါ။

ချောက်ရို့ ၊ မောင်ထွေး (ခ) အားရှန် နဲ့ အားရှင် (ခ) မြင့်ဦး တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၉၂ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ၊ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁) အရ ထောင်ဒဏ် ၂၀ နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (ဂ) ၃၄ အရ သေဒဏ်တို့အား သီးခြားကျခံစေဖို့ စီရင်ချက်ချမှတ်ခဲ့ပြီး အားချန် (ခ) သိန်းဦးကို ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးရဲ့ အစ်မဖြစ်သူက “အခုလို ခေတ်အချိန်အခါမျိုးမှာ တရားမျှတမှုရှိအောင် တရားစီရင်ပေးခဲ့တဲ့တရားသူကြီးနဲ့တကွ တရားမျှတမှုအတွက်  ဝိုင်းဝန်းကူညီပေးခဲ့သူတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်၊  ကျမတို့မှာ ဆုံရှုံးမှုကြီးကြီးမားမားတွေဖြစ်ခဲ့ရတယ်။ သူ့အမေသေတယ်။ အဖေကသမီးစိတ်နဲ့ အိပ်ရာပေါ်မှာ။ နောက် ကျမတို့ မူဆယ်မှာမနေရဲတော့ဘူး။ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေရဲ့ ရန်တွေလည်းကြောက်ခဲ့ရတယ်။ ရန်ကုန်ပြောင်းရတယ်။ နေရာသစ်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်။ အဆင်မ‌ ပြေမှုမျိုးစုံ။ စိတ်ဆင်းရဲမှုမျိုးစုံနဲ့ ခက်ခက်ခဲခဲရပ်တည်နေရတယ်။ အခုလိုတရားမျှတမှု အတွက်စီရင်ပေးလို့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်” လို့ ပြောပါတယ်။

ကားအရောင်းအဝယ်လုပ်တဲ့ အသက် ၂၁ အရွယ် မူဆယ်မြို့ခံ ခိုလုံလီရှောလူမျိုး အမျိုးသမီးကို  အမည်မသိအမျိုးသားတယောက်က  ဖုန်းနဲ့ဆက်သွယ်လာပြီးရောင်းချမယ့် အနက်ရောင် Crown ကားကိုကြည့်ချင်ကြောင်း  မူဆယ်မြို့ မင်္ဂလာမူဆယ်သို့ လာရောက်ဖို့ပြောဆိုခဲ့တာကြောင့် မတ်လ ၁၂ ရက် ညနေ ၃ နာရီလောက်မှာ သွားရောက်ပြသခဲ့ရာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီလို အဆက်အသွယ် ပျက်တောက်သွားတာကြောင့် အစ်မဖြစ်သူက လိုက်လံစုံးစမ်းရှာဖွေရာ မတ်လ ၁၃ ရက် မနက် ၁၁ နာရီခွဲမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ကချင်သင်္ချိုင်းအတွင်း  အုတ်ဂူတွေကြားမှာ  ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့လို့ မူဆယ်မြို့မရဲစခန်းမှာ တိုင်တန်း အမှုဖွင့်ခဲ့ပါတယ်။

အဲဒီလိုအမှုဖွင့် လှစ်ပြီးသက်ဆိုင်ရာ ရဲစခန်းက စုံးစမ်းရှာဖွေခဲ့ရာမှာ တရားခံလို့ ယူဆရတဲ့ ချောက်ရို့ ၊ မောင်ထွေး (ခ) အားရှန် ၊ အားရှင် (ခ) မြင့်ဦးနဲ့ အားချန် (ခ) သိန်းဦး စုစုပေါင်း လေးဦးတို့ကို လက်နက်ဖုန်း၊ သက်သေခံကားနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့  သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013