DVB Logo
Home
မြန်မာသတင်း
ကုလအေဂျင်စီများ စစ်အုပ်စုနှင့် ဆက်ဆံနေသည့်အပေါ် အဖွဲ့အစည်း ၆၀၀ ကျော်က အတွင်းရေးမှူးချုပ်ထံ စာပို့ကန့်ကွက်
DVB
·
September 23, 2022
ကုလအေဂျင်စီများ စစ်အုပ်စုနှင့် ဆက်ဆံနေသည့်အပေါ် အဖွဲ့အစည်း ၆၀၀ ကျော်က အတွင်းရေးမှူးချုပ်ထံ စာပို့ကန့်ကွက်
Donate to DVB

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေကြတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ၊ ရန်ပုံငွေအဖွဲ့တွေ၊ အစီအစဥ်တွေနဲ့ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြတဲ့ အခြားအစုအဖွဲ့ အသီသီးတွေဟာ မကြာသေးမီက တရားဝင်မှုမရှိတဲ့ မြန်မာစစ်အုပ်စုနဲ့ သဘောတူ စာချုပ်အသစ်တွေ ထပ်မံချုပ်ဆိုတာ၊ ခန့်အပ်လွှာတွေ ပေးအပ်တာတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချလိုက်တယ်လို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ ဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ အဖွဲ့အစည်းတွေထဲမှာတော့ အမည်မဖော်ပြလိုတဲ့ အဖွဲ့အစည်း ၂၃၉ ဖွဲ့ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ Justice for Myanmar၊ ညီမျှခြင်းမြန်မာ (Equality Myanmar) နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တို့လို အဖွဲ့အစည်းတွေက လက်မှတ် ရေးထိုးထားကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး အဲဒီအစား မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့သာ လုပ်ဆောင်ရမှာဖြစ်ကြောင်းနဲ့ လတ်တလောမှာတော့ ဒီကိစ္စအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရတ်စ်ဆီ စာရေးသားပေးပို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အဆိုပါစာထဲမှာတော့ မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အခြေခံမူတွေအပေါ် ရပ်တည်တဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့ ကုလသမဂ္ဂရဲ့ တုံ့ပြန်ဆောင်ရွက်မှုကို အတွင်းရေးမှူးချုပ်ကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားတဲ့အပြင် တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့လည်း တရားမဝင် လူသတ်စစ်အုပ်စုကို တရားဝင်မှု ရရှိစေမယ့် ဘယ်လိုပူးပေါင်းဆောင်ရွက်မှုနဲ့ ထိတွေ့ဆက်ဆံမှု ပုံစံအားလုံးကို ချက်ချင်းရပ်ဆိုင်းကြဖို့လည်း တိုက်တွန်း တောင်းဆိုထားတာပါ။

အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၆ ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်ကလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို စစ်အုပ်စု တရားဝင်မှုရရှိစေမယ့် ဘယ်လိုထိတွေ့ဆက်ဆံမှု မဆို မလုပ်ဆောင်ဖို့ တိုက်တွန်း တောင်းဆိုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေနဲ့ အရပ်ဘက် လူထုအဖွဲ့အစည်းတွေက တောက်လျှောက် တောင်းဆိုခဲ့ကြပေမဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အားလုံးတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတွေ အတွင်း စစ်အုပ်စုနဲ့ သဘောတူစာချုပ်အသစ်တွေ လက်မှတ်ရေးထိုးခဲ့ကြသလို ရာထူးခန့်အပ်လွှာတွေလည်း သွားရောက်အပ်နှင်းခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ လူသိရှင်ကြား အခမ်းအနားတွေ၊ ဓာတ်ပုံတွေကို စစ်အုပ်စုက သူတို့ရဲ့ တရားဝင်မှု ရရှိရေး ဆက်လက်ကြိုးပမ်းမှုမှာ ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချခဲ့ကြပြီး မြန်မာပြည်သူတွေဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မပျက်မကွက် ငြင်းဆန်တော်လှန်လာခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မကြာသေးခင်က ကုလသမဂ္ဂ အဖွဲ့အစည်းတွေ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ စစ်အုပ်စုနဲ့ အတူရပ်တည်လိုက်တာ ဖြစ်တဲ့အပြင် မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ နိုင်လိုမင်းထက်ပြုမှုတွေ အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေးအတွက် ဒီကနေ့ထိတိုင် တစုတစည်းတည်း ခုခံတော်လှန်နေကြတဲ့ ပြည်သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အနစ်နာခံ စတေးမှုတွေကို မှေးမှိန်ထိခိုက်စေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ရေးသားပေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါလုပ်ရပ်တွေဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့်အပြင် ကိုယ်တိုင် တာဝန်ယူ တာဝန်ခံမှု ရှိစေဖို့အတွက် ကုလသမဂ္ဂရဲ့ ပူးတွဲစီမံဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ ထိတွေ့လုပ်ဆောင်မှုဆိုင်ရာ မူဘောင်တို့မှာ ပြဋ္ဌာန်းပါရှိတဲ့ ဘက်မလိုက်ရေး၊ ကြားနေရေး၊ အမှီအခိုကင်းရေးနဲ့ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” ဆိုတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေက သူတို့ရဲ့ တရားဝင်အစိုးရဖြစ်တဲ့ NUG နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ကုလသမဂ္ဂမှာ ကိုယ်စားပြုစေလိုကြောင်း ကျယ်ကျယ်လောင်လောင်၊ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြီးသား ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်ကြိုးစားနေမှုတွေကို ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက အပြည့်အဝ အသိအမှတ်ပြု လေးစားရမှာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ဒါကြောင့်မို့ ကုလသမဂ္ဂအေဂျင်စီတွေ၊ ရန်ပုံငွေအဖွဲ့တွေ၊ အစီအစဥ်တွေနဲ့ တခြားသော အဖွဲ့အစည်းအားလုံးတို့ အနေနဲ့ တရားမဝင် လူသတ်စစ်အုပ်စုကို တရားဝင်မှုပေးနေတာ၊ အထူးသဖြင့် သဘောတူစာချုပ်အသစ်တွေ ချုပ်ဆိုတာတွေ၊ စစ်အုပ်စုဆီ အသိအမှတ်ပြုမှုတွေ တင်ပြနေတာတွေကို ချက်ချင်းရပ်တန့်ဖို့အပြင် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ညှိနှိုင်းပူးပေါင်းထားတဲ့ တုံ့ပြန်လုပ်ဆောင်ချက်တရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဦးစီးလုပ်ဆောင်ပေးဖို့လည်း လေးနက်စွာ တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013