DVB Logo
Home
မြန်မာသတင်း
အော်ဒါပြတ်လပ်မှုကြောင့် ရွှေပြည်သာရှိ Yi Cai အထည်ချုပ်စက်ရုံ ယာယီရပ်နားမည်
DVB
·
September 22, 2022
အော်ဒါပြတ်လပ်မှုကြောင့် ရွှေပြည်သာရှိ Yi Cai အထည်ချုပ်စက်ရုံ ယာယီရပ်နားမည်
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံသားအမည်ပေါက် Yi Cai အထည်ချုပ်စက်ရုံဟာ အော်ဒါပြတ်လပ်မှု အခက်အခဲတွေ ရှိလာတဲ့အတွက် စက်ရုံကို နှစ်လတာ ယာယီရပ်နားမယ်လို့ စက်ရုံပိုင်ရှင်က သတင်းထုတ်ပြန်ထားပါတယ်။

စက်ရုံယာယီရပ်နားဖို့အတွက် အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေးဦးစီးဌာနထံ ခွင့်ပြုချက် တောင်းခံရာမှာ စက်ရုံအတွင်းရှိ လုပ်သက် ၆ လအထက်ရှိတဲ့ အလုပ်သမားတွေကို နှစ်ကြေးခံစားခွင့်အနေနဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ရှင်းလင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီ့အပြင် လုပ်သက် ၆ လအထက်ရှိတဲ့ အလုပ်သမားတွေကို ကရုဏာကြေးအနေနဲ့ တယောက်ကို ကျပ် ၅၀,၀၀၀ နှုန်း သတ်မှတ်ထားပြီး လုပ်သက် ၆ လအောက်ရှိတဲ့ အလုပ်သမားတွေကို တဦး ကျပ် ၃၀,၀၀၀ နှုန်းနဲ့ စက်တင်ဘာလအတွက် လုပ်ခလစာထဲမှာ ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ပါက အလုပ်သမားတယောက်ကို ကျပ် ၁ သိန်းနှုန်း အသီးသီးပေးသွားမှာဖြစ်ပြီး စက်တင်ဘာလအတွက် လုပ်ခလစာကို အောက်တိုဘာ ၅ ရက်နေ့မှာ ပေးချေသွားမယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနထံ တင်ပြလာပါတယ်။

ဒါပေမဲ့ စက်ရုံပိုင်ရှင်ဖြစ်သူဟာ အလုပ်ရုံပိတ်မယ့်အကြောင်းကို အလုပ်သမားတွေနဲ့ ညှိနှိုင်းဖြေရှင်းတာမရှိဘဲ မိမိသဘောနဲ့ ဆောင်ရွက်ခဲ့တာလို့ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်နေသူတွေက ဆိုပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတယောက်က “အလုပ်သမားတွေနဲ့ ညှိနှိုင်းတာမရှိဘဲ သူ့သဘောနဲ့သူ ပိတ်မယ်ဆိုတာကို အလုပ်သမားရုံးဆီ တင်ခဲ့တာ။ တကယ်ဖြစ်သင့်တာက စက်ရုံကို ၂ လပိတ်မယ်ဆိုရင် ဥပဒေနဲ့အညီလုပ်ပေါ့။ ပိတ်ထားတဲ့ကာလမှာ လုပ်ငန်းရှင်က တာဝန်ယူရမယ်လေ။ ၂ လပြည့်လို့ ပြန်ဖွင့်တဲ့အခါ ၁ သိန်းပေးမယ်ဆိုပြီး လုပ်တာမျိုးက မဟုတ်ဘူးလေ။ ၂ လစာ အပြည့်ပေးရမှာ။ မပေးနိုင်ဘူးဆိုရင် ညှိနှိုင်းမှုလုပ်ရမှာပေါ့။ ဒါမှမဟုတ် တခါတည်း လျော်ကြေးပေးပြီး ပိတ်ပေါ့။ ရှင်းရှင်းပြောရရင် ‌လျော်ကြေး မပေးချင်လို့ ဒီပုံစံမျိုးခင်းတာ။ ‌လျော်ကြေးပေးတယ်ဆိုရင် ဥပဒေနဲ့အညီ ပေးရတော့မှာ။ ဒါကို မပေးချင်ဘူး။ ဒီအလုပ်သမားတွေကလည်း ဒီကာလအတွင်းမှာ လစာမရဘဲနဲ့ တင်းမခံနိုင်ဘူး။ တခြားအလုပ်တွေရှာပြီး လုပ်ကြရမှာလေ။ အဲ့ဒီအခါ သူက စက်ရုံပြန်ဖွင့်တဲ့အချိန် အလုပ်သမားက လူ ၅၀ လောက်ပဲလာမယ်။ ကျန်တဲ့လူတွေက တခြားနေရာမှာ လုပ်နေကြပြီဆိုတော့ မလာနိုင်တော့ဘူး။ အဲ့ပုံစံမျိုး လုပ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် အလုပ်သမားတွေကလည်း မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သိရှိ တောင်းဆိုနိုင်ဖို့အတွက် သမဂ္ဂတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ကြဖို့နဲ့ မျက်စိပွင့်၊ နားပွင့် ရှိကြဖို့ လိုနေပါတယ်။

သမဂ္ဂခေါင်းဆောင်တ‌ယောက်က “အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်၊ မန်နေဂျာနဲ့ စူပါ လီဒါတွေပြောတဲ့ စကားကို မယုံကြဖို့လိုတယ်ဗျ။ အဲ့လူတွေက အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ဘယ်တုန်းကမှ ကြည့်ခဲ့တာမဟုတ်ဘူးနော်။ တကယ်လို့ အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ကြည့်တယ်ဆိုရင် သူတို့ ဒီလို ဒုက္ခဘယ်ရောက်ပါ့မလဲ။ ဒါကြောင့် ပြောရရင် အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ကြည့်တဲ့ သမဂ္ဂတွေနဲ့ ပူးပေါင်းဖို့လိုတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ဘယ်လိုဖြစ်နေလဲဆိုရင် အလုပ်သမားတွေဟာ သမဂ္ဂတွေကြောင့် သူတို့ ဒုက္ခရောက်နေရတယ်ဆိုတဲ့ အမြင်တွေ ဖြစ်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်ရုံကို ၂ လ ယာယီရပ်နားဖို့ ခွင့်ပြုချက်တောင်းခံခဲ့တဲ့ မြန်မာနိုင်ငံသားအမည်ပေါက် Yi Cai အထည်ချုပ်လုပ်ငန်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ လုပ်ငန်းစတင်လည်ပတ်ခဲ့ပြီး လုပ်ငန်းလည်ပတ်စဉ်ကာလမှာ ဝန်ထမ်း ၂၇၁ ယောက်သာ ရှိပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်းအင်အား ၃၃၆ ယောက်အထိ ရှိလာပြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၁ မှာ စက်ရုံထောင်ပြီး လည်ပတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013