DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း ပဋိပက္ခချုပ်ငြိမ်းရေး လက်နက်ကိုင်လေးဖွဲ့ ပေါင်းစည်းရန် တိုက်တွန်း
DVB
·
September 22, 2022
ကရင်ပြည်နယ်အတွင်း ပဋိပက္ခချုပ်ငြိမ်းရေး လက်နက်ကိုင်လေးဖွဲ့ ပေါင်းစည်းရန် တိုက်တွန်း
Donate to DVB

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ အမြန်ဆုံးပြန်လည်ပေါင်းစည်းဖို့ ကရင်လူငယ်တွေနဲ့ ကျောင်းသား ကျောင်းသူတွေက ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ တာကရားကျေးရွာမှာ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ပဋိပက္ခနယ်မြေအတွင်းက ဒေသခံ ကရင်လူငယ်တွေနဲ့ ကျောင်းသား ကျောင်းသူတွေက စုပေါင်းတိုက်တွန်း တောင်းဆိုလိုက်တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကာလအတွင်း ကရင်အချင်းချင်း စည်းလုံးညီညွတ်ပြီး ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကို ပြန်ကာကွယ်နိုင်ဖို့နဲ့ ကရင်အမျိုးသားသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်လွန်းတဲ့ မကောင်းတဲ့အမွေအစား ကရင်လူငယ်တွေကို ကောင်းတဲ့အမွေတွေကိုပဲ ပေးခဲ့စေချင်တယ်လို့ ဒေသခံ ကရင်လူငယ်တယောက်က ပြောပါတယ်။

“အခုက တပ်မဟာ ၁၊ တပ်မဟာ ၅၊ တပ်မဟာ ၆ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး နယ်ခြားစောင့် BGF တပ်တွေက သွားရောက်ထိုးစစ်ဆင်တာမျိုးတွေက ကရင်အချင်းချင်း ပြန်တိုက်ခိုက်နေတဲ့ အနေအထားမျိုးမှာ ကရင်အမျိုးသားသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်လွန်းတယ်။ ကျနော်တို့ လူငယ်မျိုးဆက်သစ်တွေကို ကောင်းတဲ့အမွေတွေကိုပဲ ပေးခဲ့စေချင်တယ်။”

စစ်ကောင်စီက ကရင်ပြည်နယ်မှာရှိတဲ့ နယ်မြေတွေအထိ ကျူးကျော်ပြီး ကရင်လူမျိုး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာ၊ သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့သလို ကရင်လူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ မိဘပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အနေနဲ့ စစ်ကောင်စီဘက်က ရပ်တည်ကာကွယ်ပေးနေပြီး ကေအန်ယူနယ်မြေတွေအထိ စစ်ကောင်စီက ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူတွေ နေအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

DKBA အနေနဲ့ ကရင်အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ရင် ကရင်အမျိုးသားအကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီး အကြမ်းဖက်ခံရတဲ့ ကိုယ့်ရဲ့ တိုင်းရင်းသားတွေဘက်က ရပ်တည်တဲ့ ကေအန်ယူနဲ့ ပြန်လည်ပေါင်းစည်းဖို့ အချိန်ကောင်း အခါကောင်း ဖြစ်သလို ကိုယ့်လူမျိုးကို အကြမ်းဖက်သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီနဲ့ လုံးဝလက်မတွဲဖို့နဲ့ ရပ်တန်းကရပ်ပြီး ကိုယ့်ရဲ့ အမျိုးသားအချင်းချင်း ပြန်လည်ပေါင်းစည်းဖို့ ကရင်လူငယ်တွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်း တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့အတွက် တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်နဲ့ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်တွေမှာ စစ်ဘေးရှောင်ပြည်သူ အရေအတွက် အများဆုံးဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၃၅၀,၀၀၀ ကျော်ရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013