DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် စစ်တပ်က ကားလမ်းများကို ပိတ်ဆို့ထားသဖြင့် ခရီးသည်များ အခက်တွေ့
DVB
·
September 22, 2022
ကျောက်တော်တွင် စစ်တပ်က ကားလမ်းများကို ပိတ်ဆို့ထားသဖြင့် ခရီးသည်များ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ရန်ကုန်-စစ်တွေ ကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားလို့ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဉ်တွေ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရန်ကုန်-စစ်တွေ ကားလမ်းကို ဒီနေ့ စက်တင်ဘာ ၂၂ ရက် မနက် ၈ နာရီကျော်လောက်ကနေ စစ်ကောင်စီရဲ့ ခမရ ၅၄၂ တပ်ရင်းက ပိတ်ဆို့ထားလို့ ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေပြီး ခရီးသွားပြည်သူတွေ၊ ခရီးသည်တင်ယာဥ်တွေ၊ ကုန်တင်ယာဥ်တွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ကျောက်တော်မြို့က ခရီးသည်တင် ယာဥ်မောင်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)တွေက ဒါ ပြည်သူလူထုကို ပစ်မှတ်ထားပြီး တမင်သက်သက် ယုတ်မာတာပါ။ ကားတွေအကုန်လုံး မနက် ၈ နာရီလောက်ကနေ တန်းစီနေရတာ အခုအချိန်ထိ ဖြတ်သန်းခွင့်မရသေးဘဲ မွန်းလွဲ ၂ နာရီမှသာ တစီးချင်း ဖြတ်ခွင့်ပေးမယ်လို့တော့ ပြောတယ်။ ခရီးသွားပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် ကုန်စည်စီးဆင်းမှုတွေ ကြန့်ကြာအောင် စစ်(...)တွေက ရည်ရွယ်ချက်ရှိရှိ ယုတ်မာကြတာ။”

မြောက်ဦး-မင်းပြား ကားလမ်းကိုလည်း ဒီနေ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားလို့ ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်က ဂိတ် ၂ ခုကို စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ပိတ်ဆို့စစ်ဆေးနေလို့ ခရီးသည်တင် ယာဥ်လိုင်းတွေ၊ ကုန်တင်ကားတွေနဲ့ ပြည်သူတွေ အခက်အခဲ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် (အေအေ) နဲ့ပတ်သက်ပြီး လျှို့ဝှက်ညွှန်ကြားချက် ၁၀ ချက် ပါ စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဒီစာနဲ့ပတ်သက်ပြီး ရခိုင်စစ်ရေးလေ့လာသူတယောက်က “တပ်တွင်းသတင်းတွေအရတော့ ဒီကြေးနန်းစာ မှန်တယ်လို့ ပြောတယ်ဗျ။ နပခတိုင်းမှူး ထင်လတ်ဦး ညွှန်ကြားထုတ်ပြန်ခိုင်းတာလို့တော့ သိရတယ်” လို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ညွှန်ကြားတဲ့ အမိန့် ၁၀ ချက်ကတော့ စစ်ဆေးရေးဂိတ်တွေ အားလုံး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်၊ ကုန်းလမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များကို စနစ်တကျ စစ်ဆေးသွားရန်၊ ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ချပြပြောကြားရန်နဲ့ တပ်ဖွဲ့ဝင် မိသားစုများ၊ စားရေးသောက်ရေးအတွက် ရိက္ခာအမယ်စုံများ စုဆောင်းထားရှိရန် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် တပ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် စနစ်တကျ စုဖွဲ့သွားလာရန်၊ လိုအပ်သော ရိက္ခာများ ပို့ဆောင်နိုင်ရေး စစ်ရေးအမြင်ဖြင့် ကြိုတင်ပြီး စီမံဆောင်ရွက်ထားရှိရန်၊ AA အား ထောက်ပံ့မှုပေးသည့် အမာခံများကို စုံစမ်းဖော်ထုတ် အရေးယူသွားရန်၊ တပ်များ ချီတက်ထွက်ခွာစဉ် စနစ်တကျ မိုင်းရှင်းလင်းပြီး စစ်နည်းဗျူဟာမြောက် ချီတက်သွားလာရန်၊ တပ်ဖွဲ့ဝင်မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊ ရန်သူ့သတင်းများရရှိရေးတပ်ဖွဲ့ဝင်မိသားစုများမှတဆင့် ရယူနိုင်ရေး စည်းရုံးဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ရခိုင်ဒေသခံတယောက်ကတော့ “သူတို့ကတော့ ထုတ်ပြန်တာပဲလေ။ ပကတိ ​မြေပြင်မှာ သူတို့မလုပ်နိုင်သေးတဲ့ အချက်တွေ များစွာရှိနေသေးတယ်။ အနာဂတ်မှာ ဘယ်လိုတွေ လက်တွေ့လုပ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အထိနာနေပြီး ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ များလာနေကြောင်း ရက္ခိုင့်တပ်တော်ရဲ့ ၅ ကြိမ်‌မြောက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ထုတ်ဖော်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013