
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ပြည်သူ ၃ ယောက်ကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသလို မင်းပြားမြို့က ဘဏ်ငွေထုတ်ပြီး ပြန်လာတဲ့သူတွေဆီကနေ ငွေကြေးတွေကိုလည်း အဓမ္မသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ် နရမ်းရမ်းလမ်းဆုံက ပြည်သူတယောက်ကို စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ လောက်က အမျိုးသား ၂ ယောက်နဲ့ ညနေ ၆ နာရီလောက်မှာ အမျိုးသားတယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရား ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ မင်းပြားမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ပထမအဖမ်းခံရတဲ့ နှစ်ယောက်ကတော့ ကားဘော်ဒီဆေးမှုတ် အလုပ်သမားတွေဖြစ်ပြီး နောက်တယောက်ကလည်း သာမန်ပြည်သူသာဖြစ်ပြီး စစ်(...)တွေက အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားဖမ်းဆီးသွားကြတာ။”
တောင်ရှည်ပြင်ရွာသားတယောက်က “မင်းပြားမြို့ကနေ ဘဏ်ငွေထုတ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ တောင်ရှည်ပြင်ရွာသား နှစ်ယောက်ဆီကနေ ငွေကျပ် သိန်း ၇၀ နဲ့ ဆိုင်ကယ်တစီးကိုလည်း စစ်(...)တွေက မတရား သိမ်းယူထားတယ်” လို့ ပြောပါတယ်။
မင်းပြားမြို့ ရာမောင်တံတားမှာလည်း စစ်ကောင်စီတပ်သား အင်အားအများအပြား နေရာယူထားပြီး ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဥ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေ နေ့စဥ် ပြုလုပ်နေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးနေပါတယ်။
စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပေမဲ့ စစ်ကောင်စီတပ်စခန်း အများအပြားနဲ့ ရေယာဥ် နှစ်စီးကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားပါတယ်။