DVB Logo
Home
Lead Story
စီးပွားရေးနဲ့ အုပ်ချုပ်ရေးကို မကျွမ်းကျင်တဲ့ မြန်မာစစ်တပ်
DVB
·
September 22, 2022
စီးပွားရေးနဲ့ အုပ်ချုပ်ရေးကို မကျွမ်းကျင်တဲ့ မြန်မာစစ်တပ်
Donate to DVB

ဘယ်နိုင်ငံရေးစနစ်မှာမဆို အစိုးရရဲ့ စီးပွားရေးဆောင်ရွက်ချက်တွေကို ကြည့်လိုက်ရင် တခြားလူမှုရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို သူတို့ ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်တယ် ဆိုတာ သိနိုင်ပါတယ်။ စီးပွားရေးကို ဂရုတစိုက်နဲ့ စနစ်တကျ စီမံအုပ်ချုပ်နိုင်မှသာတခြား လူမှုရေးကဏ္ဍတွေဟာလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ပြည်သူလူထုအများရဲ့ ထိခိုက်နစ်နာမှုတွေကို ထည့်မတွက်ဘဲ အုပ်ချုပ်သူ လူတန်းစားအနည်းငယ်ရဲ့ အကျိုးအမြတ်ကိုပဲကြည့်ပြီး လောဘတကြီးနဲ့ စီမံအုပ်ချုပ်တဲ့ စီးပွားရေးဟာလည်း လူ့အသိုင်းအဝိုင်းကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်းဟာ ဆင်းရဲမွဲတေမှုကို ဖြစ်စေပြီး အာဏာနဲ့ အကြမ်းဖက်ဖိနှိပ်ခြင်းဟာ ငတ်မွတ်ခေါင်းပါးမှုကို ဖြစ်စေပါတယ်။

The Economist မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တချို့ကို နမူနာအနေနဲ့ ကြည့်မယ်ဆိုရင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ခွဲတမ်းနဲ့ရောင်းတဲ့ အခြေခံ စားသောက်ကုန်တွေကို လူတန်းအရှည်ကြီးက တန်းစီဝယ်နေတာကို တွေ့နိုင်ပါတယ်။ ဈေးချပေးထားတဲ့ အခုလက်ရှိ စားဆုံးဆီ လက်ကားဒိုင်ဈေးတောင်မှ မနှစ်ကဈေးထက် ထက်ဝက်ကျော်လောက် တက်နေပြီဖြစ်ပါတယ်။

အုပ်ချုပ်ရေးနဲ့ စီမံခန့်ခန့်ခွဲရေးကို နားမလည်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ငွေကြေးဖောင်းပွမှုဒဏ်ကို အကြီးအကျယ်ခံရတော့တာပဲလို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေက ပြောနေကြပါပြီ။

မြန်မာကျပ်ငွေရဲ့ တန်ဖိုးဟာလည်း အာဏာမသိမ်းခင်ကထက် သုံးဆလောက် ကျဆင်းသွားခဲ့ပြီး အရာရာ ဈေးတက်လာခဲ့တာကြောင့် အခြေခံစားသောက်ကုန် တင်ပို့နေရတဲ့ မြန်မာနိုင်ငံလို နိုင်ငံအတွက်တော့ ဒါဟာ ဆင်းရဲမွဲတေမှုနှုန်းမြင့်မားလာတာပဲ ဖြစ်ပါတယ်။

အခုလို ဆင်းရဲမွဲတေမှုနှုန်း မြင့်မားလာတဲ့အပေါ်မှာ အာဏာလုမြန်မာစစ်တပ်ရဲ့ ဖြေရှင်းပုံကလည်း နှစ်ပေါင်းများစွာ သူတို့လုပ်လာခဲ့တဲ့အတိုင်း ဆင်းရဲနေတဲ့ ပြည်သူတွေအနေနဲ့ အစားလျှော့စားသင့်တယ်လို့ ပြောပြီး မစာမနာ တရားချတာပဲ ဖြစ်ပါတယ်။

ဒီလိုပြောရတဲ့ အခြေခံအကြောင်းရင်းကလည်း အခြေခံစားသောက်ကုန်တွေ တင်ပို့နေတဲ့ နိုင်ငံအနေနဲ့ ပြည်သူတွေ အစားအသောက် လျှော့စားလိုက်လို့ ပိုလျှံလာရင် ပြည်ပကို ပိုပြီးတင်ပို့နိုင်မယ်လို့ တွေးတာကြောင့် ဖြစ်ပုံရပါတယ်။ ဒါဟာ ဆင်းရဲမွဲတေခြင်းနဲ့ ငတ်မွတ်ခေါင်းပါးခြင်းဖြစ်ပြီး ဆေးဝါးနဲ့ တခြားအခြေခံလူသုံးကုန်တွေပါ လောက်ငမှုမရှိတာကို သူတို့ နားလည်ပုံမရပါဘူး။

အခုချိန်မှာ စစ်မျက်နှာအမြောက်အမြားဖွင့်ပြီး ပြည်တွင်းစစ်ကို တိုက်ခိုက်နေရတဲ့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးမူဝါဒတွေကလည်း ပိုပြီးရိုးရှင်းလာပါတယ်။ ပြည်သူလူထုရဲ့ အကျိုးအမြတ်ကို လုံးဝ ထည့်မတွက်တော့ဘဲ သူတို့စစ်တပ် အာဏာမြဲနေစေရေးအတွက် စစ်တပ်ရဲ့ အကျိုးအမြတ် တခုတည်းကိုသာ ဦးတည်နေခဲ့ပါတယ်။

ရိုဟင်ဂျာ လူနည်းစုတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ ရွာတွေကို မီးရှို့ဖျက်ဆီးပစ်တာတွေ၊ ထွက်မပြေးနိုင်ဘဲ ကျန်နေတဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်တာတွေဟာလည်း မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒတွေလိုပဲ သူတို့ရဲ့ ညံ့ဖျင်းမှု၊ အသုံးမကျမှုနဲ့ ရက်စက်မှုကို ပြနေတာပဲ ဖြစ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေကို အသိအမှတ် မပြုခြင်းနဲ့ အဲဒီအပြစ်တွေအတွက် ပြန်လည်ပေးဆပ်ဖို့ စိတ်မဝင်စားခြင်းတွေဟာလည်း မြန်မာနိုင်ငံတွင်းမှာ ပြည်တွင်းစစ်နဲ့ စီးပွားရေးကျဆင်းမှုတွေ ဘယ်လောက်ထိ ဖြစ်နေဦးမလဲ ဆိုတာကို ပြသနိုင်တဲ့ အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။

သိန်းနဲ့ သန်းနဲ့ချီတဲ့ နိုင်ငံသားအမြောက်အမြားကို ပြည်တွင်းကနေ မောင်းထုတ်မယ်ဆိုလျှင် နိုင်ငံရေး ဂုဏ်သိက္ခာကျဆင်းခံပြီး နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေ ခံရမှာဖြစ်တာကြောင့် ဘယ်နိုင်ငံကမှ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲ မလိုမုန်းတီးစိတ်နဲ့ အဲဒါတွေ လုပ်ခဲ့တယ် ဆိုရင်တော့ သူတို့ရဲ့ ပြောင်ပြောင်တင်းတင်း လူ့ကျင့်ဝတ်ချိုးဖောက်မှုတွေကို အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို တုံ့ပြန်ဖို့ ကမ္ဘာ့နိုင်ငံတွေမှာ နည်းလမ်းအမျိုးမျိုး ရှိနေပါတယ်။

စစ်ကောင်စီဟာ စီးပွားရေးကို ထိန်းချုပ်နိုင်ရေးအတွက် သူတို့နဲ့ အဆင်ပြေတဲ့တဲ့ လုပ်ငန်းရှင် လူတန်းစားတရပ် ဖန်တီးပြီး သူတို့ရဲ့ပိုက်ဆံနဲ့ ဈေးကွက်ထဲ သွတ်သွင်းကာ စီးပွားရေး လုပ်ကြလိမ့်မယ်လို့ The Economist က ခန့်မှန်းထားပါတယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ ဆောင်ရွက်ဖို့ ခက်ခဲသွားမှာဖြစ်ပြီး ဈေးကွက်ထဲမှာလည်း စီးပွားရေးဆိုင်ရာ ဥပဒေနဲ့ မူဝါဒတွေကို ချိန်ညှိဆောင်ရွက်သွားနိုင်ကြလိမ့်မယ်လို့ The Economist က ပြောပါတယ်။

နိုင်ငံရေးအရတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကို နိုင်ငံတကာက ဆက်လက်စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာတရားရုံးမှာ အရေးယူနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့်လည်း စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေဟာ အနာဂတ်မှာ လူနည်းစုတိုင်းရင်းသားတွေကိုပါ တန်းတူလွတ်လပ်မှု ရရှိစေမယ့် လွတ်လပ်တဲ့ မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

အခုအခြေအနေဟာ နိုင်ငံတကာက အလွယ်တကူ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိသလို ဝင်ရောက်စွက်ဖက်ဖို့လည်း စိတ်မဝင်စားခဲ့တဲ့ အရင်စစ်အုပ်ချုပ်ရေးကာလတွေနဲ့ မတူတာကို စစ်ဗိုလ်ချုပ်တွေက နားလည်ဖို့လိုပါတယ်။

စီးပွားရေးမှာ စီမံခန့်ခွဲမှုညံ့ဖျင်းတာဟာ နိုင်ငံရေးမှာလည်း စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့သဘော ဖြစ်ပြီး လူတယောက်အပေါ်မှာ မတရားမှုတခု ကျူးလွန်လိုက်ခြင်းကနေ နောက်ထပ် မတရားမှုတွေ ဆင့်ကဲဖြစ်ပေါ်လာစေပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မတရားမှု၊ ရာဇဝတ်မှုတစ်ခုအတွက် အပြစ်ရှိသူကို အပြစ်ပေး အရေးယူနိုင်မယ်ဆိုလျှင် နောက်ထပ် မတရားမှုတွေ၊ ရာဇဝတ်မှုတွေ ဖြစ်မလာအောင် တားဆီးရာရောက်ပြီး ကမ္ဘာပေါ်မှာ တရားဥပဒေစိုးမိုးမှုရှိတယ် ဆိုတဲ့ ယုံကြည်မျှော်လင့်ချက်ကို ရစေမှာပဲ ဖြစ်ပါတယ်။

ဒေါက်တာ အဇင်းအီဘရာဟင်မ်

Ref- Arab News

( Arabnews.com ဝက်ဘ်ဆိုက်မှာရေးသားဖော်ပြထားတဲ့ ဆောင်းပါးရှင် DR. AZEEM IBRAHIM  ရဲ့ “Myanmar’s regime cannot run an economy or a society” ဆောင်းပါး ကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။” 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013