DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေး
DVB
·
September 22, 2022
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၂၁ ရက် မနက် အစောပိုင်း ၁ နာရီလောက်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်က ရွာသားတွေ ထွက်ပြေးနေရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီတပ်သားတွေ ကား ၅ စီးနဲ့ မလယ်ဘက်ကို ဝင်ရောက်လာကြတယ်။ အရင်ရက်ကလည်း အနီးအနားမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မွှေနှောက်နေကြတယ်။ ရွာသားတွေက စိုးရိမ်တဲ့အတွက် မြစ်ရိုးတလျှောက်မှာရှိတဲ့ ရွာတွေက ထွက်ပြေးနေရတယ်။ လူဦးရေ တသောင်းကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ခင်ဦးမြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ကျေးရွာတွေဖြစ်တဲ့ ကဘွက်၊ ကုတ္တက်၊ သင်ပေါင်း၊ ရွှေမင်းဂံ၊ ရုံးပင်၊ အညာသီဟတော စတဲ့ကျေးရွာတွေက အိမ်ထောင်စုပေါင်း ၂,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်မှာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက  သရက်ပင်စုကျေးရွာကနေ ခြေလျင်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ခင်ဦးတပ်ခွဲ) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ ရေဦးမြို့ဘက်ကနေ စစ်ကား နှစ်စီးနဲ့ ထွက်ခွာလာရာ သရက်ပင်စုကျေးရွာအရောက်မှာ ခြေလျင်ဆင်းလျှောက်ပြီး ချီတက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခင်ဦးတပ်ခွဲဖြစ်တဲ့ Spring Special Task Force (SSTF)က ထုတ်ပြန်ထားပါတယ်။

“မိုင်းကွင်းထဲမှာ စကစတပ်ဖွဲ့ဝင် ၆ ယောက် ပွဲချင်းပြီးသေတယ်။ ၁ ယောက်ကတော့ ဆေးရုံရောက်မှ သေတယ်လို့ သိရတယ်။ အကျိုးအကန်းဒဏ်ရာရသွားတာတွေလည်း များတယ်။ အဲဒီဘက်က ရမ်းသန်းပစ်ခတ်မှုတချို့ရှိပေမဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ အခုရက်ပိုင်းအတွင်း ဒီဘက်ဒေသကြောကို သူတို့ဘက်က စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတာရှိတယ်" လို့  Spring Special Task Force (SSTF) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီ နေ့လယ် ၂ နာရီကျော်လောက်ကလည်း ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ခင်ဦးတပ်ခွဲ ) က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ခင်ဦးမြို့အနောက်ခြမ်းဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ရွာသစ်ကျေးရွာက အမျိုးသမီး ၁ ဦးနဲ့ မူးသာကျေးရွာက အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က ရေဦးခရိုင်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနိုင်ရဲ့အသုဘကို လိုက်ပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူကာ ကွယ်ရေးအဖွဲ့က မိုင်း ၂ လုံးခွဲတိုက်ခိုက်ခဲ့လို့ ၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရသွားခဲ့ပါတယ်။

ရေဦးပကဖ တာဝန်ရှိသူ ဆရာဂျိုးဇက်က  “သူတို့အချင်းချင်ပစ်သတ်ပြီး အဆုံးစီရင်တယ်ဆိုတဲ့အ လောင်းကို ရေဦးသင်္ချိုင်းကို လာချဖို့ရာလုပ်တဲ့ စကစတွေကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲခဲ့တာ ဟုတ်ပါတယ်ဗျ။ အဝေးထိန်းမိုင်းနဲ့ခွဲခဲတာဆိုတော့ ကျနော်တို့ဘက်က အကျဆုံးမရှိခဲ့ဘူ။ သူတို့ဘက်ကတော့ ၃ ဦး ထက်မနည်းထိခိုက်ဒဏ်ရာ ရနိုင်တယ်။”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မိုင်းဆွဲခံရလို့ အစပိုင်းမှာ ထွက်ပြေးသူတွေကပြေးပြီး နောက်ပိုင်း စစ်ကောင်စီ လုံခြုံရေးတွေ အများအပြားချကာ အသုဘပြီးဆုံးအောင် သင်္ဂြိုဟ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013