DVB Logo
Home
မြန်မာသတင်း
ကလေးငယ်များအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပေါ် ကုလအတွင်းရေးမှူးချုပ် အပြင်းအထန်ရှုတ်ချ
DVB
·
September 21, 2022
ကလေးငယ်များအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပေါ် ကုလအတွင်းရေးမှူးချုပ် အပြင်းအထန်ရှုတ်ချ
Donate to DVB

ကလေးငယ် ၁၁ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို မြန်မာစစ်တပ်ရဲ့အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က  စက်တင်ဘာလ ၂၀ ရက်မှ အပြင်းအထန်ရှုတ်ချလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့သလို မြေပြင်ကနေလည်း စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ဝင်ရောက်တိုက်ခိုက် အကြမ်းဖက်မှု ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်တာပါ။

လက်ယက်ကုန်းမှာ မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်တွေအတွက် အလေးအနက်ဝမ်းနည်းရပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

“လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာတောင် စာသင်ကျောင်းတွေဟာ ကလေးငယ်တွေအတွက် အန္တရာယ်ကင်းတဲ့ ပညာသင်ကြားရာနေရာဖြစ်ရပါမယ်။ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေမှာ ဖော်ပြထားတဲ့ဆိုးရွားပြင်းထန်တဲ့ ဥပဒေချိုးဖောက်မှု ၆ ချက်ထဲက တစ်ခုဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက  အပြင်းအထန်ဆန့်ကျင်ရှုတ်ချတယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ကျူးလွန်းနေသူတွေဟာ သူတို့ရဲ့ ပြစ်မှုတွေအတွက် မလွဲမသွေတာဝန်ခံရမယ်လို့လည်း မစ္စတာဂူတာရက်စ်က ပြောပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအရ တိုက်ပွဲဝင်သူတွေဟာ ကလေးငယ်တွေအပါအဝင် အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးခြင်းမပြုရဘူးဆိုတာကိုလည်း ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ထပ်မံသတိပေးဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကလည်း လက်ယက်ကုန်းမှာ တိုက်ခိုက်ခံခဲ့ရတဲ့ကျောင်းက အနည်းနောက်ထပ် ၁၅ ဦး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေသူတွေကို ဖမ်းဆီးထားပါက အန္တရာယ်ကင်းစွာ ချက်ချင်းပြန်လွှတ်ပေးဖို့၊ ကျောင်းတွေဟာ အန္တရာယ်ကင်းတဲ့နေရာဖြစ်ဖို့၊ ကလေးသူငယ်တွေကို တိုက်ခိုက်ခြင်းမပြုဖို့တို့ကိုလည်း UNICEF က တောင်းဆိုထားပါတယ်။

ကျောင်းထဲမှာ PDF တွေ ပုန်းအောင်းနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013