
ဗြိတိန်နိုင်ငံ တတိယမြောက် ချားလ်စ်ဘုရင်က ပေးပို့တဲ့ စာအုပ် ၂ အုပ်နဲ့ စာအိတ်တွေကို ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ သွားရောက်ပေးအပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က အောက်တိုဘာ ၁၉ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ရဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သူ့ရဲ့ တယ်လီဂရမ်ကတဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အထူးအကျဉ်းသူလို့ သုံးနှုန်းထားတာကိုလည်း တွေ့ရပါတယ်။
အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်ကနေ ၁၀ နာရီ ၅၀ မိနစ်အတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံကာ ချားလ်စ်ဘုရင် ပေးပို့လိုက်တဲ့ “Soil to Table” နဲ့ “Soil The World at Our Feet” အမည်ရှိ စာအုပ် ၂ အုပ်အပြင် အိတ်ပိတ်စာအိတ် ၁ အိတ်နဲ့ သံတမန်အိတ်ပိတ်စာတို့ကို ပေးအပ်ခဲ့တာလို့ သိရပါတယ်။
ဒီသတင်းထုတ်ပြန်ချက်နဲ့ အတူ ဓာတ်ပုံတချို့ပါထည့်သွင်းဖော်ပြထားပေမဲ့ ဒီပုံတွေရဲ့ စစ်မှန်မှုနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာနိုးဒေဘက်ခ်က ဩဂုတ် ၃ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၂ လကျော်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ အခုလို ထပ်မံထုတ်ပြန်လာတာပါ။











