DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စစ်ဘေးရှောင်အရေအတွက် များပြားပြီး အကူအညီများ လိုအပ်နေ
DVB
·
September 21, 2022
မောင်တောတွင် စစ်ဘေးရှောင်အရေအတွက် များပြားပြီး အကူအညီများ လိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီက ကြီးမှူးပြီး ဖွင့်လှစ်ထားတဲ့ သာသနာ့ဗိမာန် စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်အရေအတွက် များပြားလာတဲ့အတွက် စက်တင်ဘာ ၂၀ ရက်ကစပြီး မြို့မအားကစားရုံမှာ စစ်ဘေးရှောင်စခန်းသစ်(ခွဲ) ဖွင့်လှစ်ထားရသလို စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ များစွာလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ မောင်တောမှ တာဝန်ရှိသူ အမျိုးသမီးတယောက်က “ပထမတုန်းကတော့ အနီးပတ်ဝန်းကျင်တွေက ထမင်းထုပ်တွေ ကောက်ယူပြီး ကျွေးမွေးရတယ်။ အခုလက်ရှိမှာတော့ အလှူရှင်တွေ နည်းနည်းပေါ်လာတဲ့အတွက် ဆန်၊ ဆီ၊ ဆားတွေ မိသားစုအလိုက်ပေးပြီး ဖြစ်သလို ဆောင်ရွက်ထားရပါတယ်။ နောက်ထပ်လည်း စစ်ဘေးရှောင်တွေ များလာမယ့် အ‌ေခြအနေတွေ ရှိပါတယ်။ လာလို့မရတဲ့အတွက် ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်။ အနာဂတ်မှာတော့ စားနပ်ရိက္ခာတွေ အခက်အခဲ ရှိလာနိုင်တယ်။ နေရာထိုင်ခင်းတွေနဲ့ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တာတွေ ရှိလာနိုင်တယ်။ အဲဒါကြောင့် လူမှုအဖွဲ့အသင်းတွေ CSO တွေအနေနဲ့ ကူညီပေးကြဖို့ ပြောလိုပါတယ်” လို့ ပြောပါတယ်။

မြန်မာစစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် မောင်တောမြောက်ပိုင်းဒေသတွေက မြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဦးရေ ၁,၀၀၀ ကျော်အထိ တိုးလာနေပါတယ်။

အဲဒီလို တိုးလာနေတဲ့ စစ်ဘေးရှောင်တွေကိုထားဖို့ မောင်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်၊ မောင်တောမြို့နယ် ရွာသာယာကျေးရွာ၊ အောင်ဗလကျေးရွာနဲ့ ရွှေရင်အေးကျေးရွာတွေမှာ နေရာမလုံလောက်တော့တဲ့အတွက် မောင်တောမြို့ရှိ မိုးလုံလေလုံ အားကစားရုံမှာ စက်တင်ဘာ ၂၀ ရက်ကစပြီး ၅ ခုမြောက် ဒုက္ခစခန်းသစ်တခု ဖွင့်လှစ်ထားရတာလည်း ဖြစ်ပါတယ်။

မောင်တောမြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်ပြီး စစ်ဘေးရှောင်တွေလည်း များလာနေကာ မောင်တောမြို့မှာလည်း လမ်းတွေအားလုံး အပိတ်ခံထားရသလို ကုန်ပစ္စည်းတွေ သယ်ယူခွင့်မရှိတာကြောင့် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေကာ တော်တော်လေး အခက်အခဲကြုံတွေ့နေပြီး အကူအညီတွေ များစွာလိုအပ်နေတယ်လို့ အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ ကိုထွန်းအေးသိန်းက ပြောပါတယ်။

“မြောက်ပိုင်းအခြေအနေကတော့ တိုက်ပွဲတွေ များလာနိုင်တယ်။ လေကြောင်းတိုက်ခိုက်မှုကို ကြောက်ရွံ့စိုးရိမ်ပြီး ထွက်ပြေးလာကြတာပါ။ ဒုက္ခသည်တွေများလာတော့ စားဝတ်နေရေး အတွက် တော်တော် အခက်အခဲ ရှိနေပါတယ်။ စစ်တွေကလည်း ပစ္စည်းတွေ သယ်ခွင့်မရတော့ ကျနော်တို့မြို့အနေနဲ့ တော်တော်လေး ခက်ခဲသွားကြတယ်။ စားနပ်ရိက္ခာတွေ ဘာမှသယ်ခွင့်မရဘူး။ ဒါကြောင့် ဒီဒုက္ခသည်တွေကို ဘယ်လိုကျွေးမွေးရမလဲဆိုတာ ကော်မတီအနေနဲ့ စိတ်ပူပန်နေပါတယ်။ ဒါကြောင့် အကူအညီတွေ များစွာလိုအပ်နေပါတယ်။”

မောင်တောဒေသအတွင်း သြဂုတ်လနေှာင်းပိုင်းက စတင်ကာ ရက္ခိုင့်တပ်တော် (အေအေ) က စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းယူတာတွေရှိနေပြီး စစ်ကောင်စီတပ်ကလည်း အဲဒီစခန်းတွေ ပြန်လည်ရရှိရေးအတွက် စစ်ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်တာတွေ၊ ကျေးရွာတွေအနီးကို ဗုံးကြဲတာတွေ ရှိနေတာကြောင့် မောင်တောမြောက်ပိုင်း ကျေးရွာ ၃၀ လောက်က ဒေသခံ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာနေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013