
ယီမင်နိုင်ငံထဲက အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတွေက ဆော်ဒီအာရေဗျနိုင်ငံက အာရမ်ကို ရေနံလုပ်ငန်းရဲ့ ဂျာဇံ ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ သြဂုတ် ၉ ရက်မှာ ပြောပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ တိုးပွားလာတာကို တုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီက တူရကီ၊ ပါကစ္စတန်တို့နဲ့ ပူးတွဲကာကွယ်ရေးစာချုပ်ကို သြဂုတ် ၇ ရက်မှာ ချုပ်ဆိုပြီး နှစ်ရက်အကြာမှာ ဟူသီတွေက တိုက်ခိုက်ခဲ့တာပါ။
ဆွန်နီ မွတ်စလင်နိုင်ငံတွေဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ တူရကီ၊ ပါကစ္စတန်တို့နဲ့ မဟာမိတ်ဖွဲ့တာဟာ ကျူးကျော်မှုလုပ်ရပ်တွေကို စုပေါင်းတားဆီးဖို့ ရည်ရွယ်ပြီး သူတို့ ၃ နိုင်ငံထဲက တနိုင်ငံကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ရင် အားလုံးကို တိုက်ခိုက်မှုအဖြစ် သတ်မှတ်မယ်လို့လည်း သဘောတူညီချက်ထဲမှာ ပြဋ္ဌာန်းထားပါတယ်။
နောက်ဆုံးတိုက်ခိုက်မှုတွေအပေါ် ဆော်ဒီရဲ့ တုံ့ပြန်မှုမှာ ပါကစ္စတန် ဒါမှမဟုတ် တူရကီက ဘယ်လိုပူးပေါင်းမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ဖြစ်ခဲ့ပြီး ဒေသတွင်း မငြိမ်မသက် ဖြစ်ခဲ့တာပါ။
အဓိက တင်းမာမှုတွေ မြင့်တက်လာပြီးတဲ့နောက် အီရန်နဲ့ မဟာမိတ်တွေက ဆော်ဒီအာရေဗျနဲ့ တခြားပင်လယ်ကွေ့နိုင်ငံတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စွမ်းအင်တင်ပို့မှုတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေတဲ့ ဒေသတွင်း မငြိမ်မသက်မှုတွေကို ထိန်းချုပ်ဖို့ ရေရှည်မဟာမိတ် အမေရိကန်က ရုန်းကန်နေရတာပါ။
ဒီအချိန်မှာ အစ္စရေးနဲ့ ရှီးအိုက်မွတ်စလင် အီရန် ၂ နိုင်ငံလုံးရဲ့ တိုးလာတဲ့ စစ်ရေးရပ်တည်ချက်တွေအပေါ် ဆော်ဒီ၊ တူရကီနဲ့ ပါကစ္စတန်တို့က စိုးရိမ်နေကြပါတယ်။
Source: Reuters










