DVB Logo
Home
မြန်မာသတင်း
မြန်မာငွေနှင့် ရုရှားငွေတို့ တိုက်ရိုက်လဲလှယ်သုံးနိုင်ရန်လုပ်နေဟု စစ်ကောင်စီပြော
DVB
·
September 20, 2022
မြန်မာငွေနှင့် ရုရှားငွေတို့ တိုက်ရိုက်လဲလှယ်သုံးနိုင်ရန်လုပ်နေဟု စစ်ကောင်စီပြော
Donate to DVB

မြန်မာကျပ်ငွေနဲ့ ရုရှားရူဘယ်ငွေတို့ကို တိုက်ရိုက်လဲလှယ် အသုံးပြုသွားဖို့အတွက် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားငွေပေးချေရေး MIR card စနစ်ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်နေပြီး ရုရှားရူဘယ်နဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်လဲလှယ် အသုံးပြုဖို့အတွက် စစ်ကောင်စီက မျှော်လင့်နေကြောင်း ဒီနေ့ စက်တင်ဘာ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ 

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရုရှားနိုင်ငံက အသုံးပြုတဲ့ MIR card စနစ်ကို လျင်မြန်စွာ အသုံးပြုနိုင်ရေးအတွက် ရုရှား ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ MIR card ကို မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုစနစ်မှာ အသုံးပြုနိုင်ဖို့အတွက် ဆွေးနွေးလျက်ရှိပါတယ်” လို့ ပြောပါတယ်။

လာမယ့်နိုဝင်ဘာလအတွင်းမှာ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး တတိယအကြိမ် ဆွေးနွေးသွားမှာဖြစ်ပြီး MIR card စနစ်ကနေတဆင့် ရူဘယ်နဲ့ ကျပ်ငွေကို တိုက်ရိုက်လဲလှယ် အသုံးပြုနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

MIR card စနစ်ကို ရုရှားဗဟိုဘဏ်က ၂၀၁၇ ခုနှစ်မှာ စတင်အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပြီး Mastercard နဲ့ Visa card တွေရဲ့ လွှမ်းမိုးမှုနဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာငွေပေးချေကတ်တွေ သုံးစွဲတာမှာ အကန့်အသတ်တွေ အများကြီးလုပ်လာပြီး ဝန်ဆောင်ခအပါအဝင် ငွေဖြတ်တောက်နှုန်း ပိုများလာတယ်လို့ သုံးစွဲသူတွေက ဝေဖန်နေကြတာပါ။ 

ဒါ့အပြင် စစ်ကောင်စီနဲ့ ဗဟိုဘဏ်တို့ရဲ့ ညွှန်ကြားချက်အမျိုးမျိုးတွေကြောင့်လည်း မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းလာသလို ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားသုံးငွေတွေ ဝယ်လို့မရသလောက် ဖြစ်သွားခဲ့တာပါ။ 

MIR card စနစ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ နိုင်ငံ ၁၀ နိုင်ငံမှာ အသုံးပြုနေပြီး သုံးစွဲသူ ၁၂၅ သန်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။ 

အာဆီယံဒေသတွင်း ဗီယက်နမ်နိုင်ငံမှာလည်း အသုံးပြုနေပြီး မြန်မာနိုင်ငံမှာ မကြာခင်မှာ အသုံးပြုဖို့ မျှော်လင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ဩဂုတ်လက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013