
စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေ ကရင်ပြည်နယ်၊ ဖာပွန်ကိုရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့အတွက် ရှေ့ဆက်တိုးနိုင်ဖို့ မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာပါ။
လက်ရှိမှာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က ကတိုင်တိကျေးရွာကို ကျော်လွန်ပြီး ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့အတွက် ရှေ့ဆက်မတိုးနိုင်အောင် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေပါတယ်။
ပဒိုစောထိုရော်ဘင်က “သူတို့လက်လှမ်းမီသလောက်က ရွာထဲမှာ လက်နက်ကြီးပစ်ချတာ၊ နောက် လေယာဉ်ဗုံးကြဲတာတို့ ဒါက တနေရာပြီး တနေရာ၊ တရက်ပြီးတရက် ဆက်လုပ်နေတာပဲ။ သူတို့ဘက်က သူတို့အားကိုးနေတဲ့ လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဒရုန်းတွေကတော့ ပြည်သူလူထုကို ပစ်မှတ်တစ်ခုထားတဲ့ သဘောနဲ့ လုပ်သွားတယ်။ ဘယ်ရွာလဲ၊ ဘယ်နေ့၊ ဘယ်ရက်လဲ၊ အဲဒါတွေက စာရင်းထဲမှာပဲ ရှိတော့တယ်။ စကမရဲ့ စစ်ကြောင်း ချီစစ်က လူထုပေါ် ဒုက္ခပေးသွားတယ်။ လောလောဆယ်ဆယ်ကတော့ သူတို့(စစ်တပ်)က ရှေ့မတိုးနိုင်သေးတဲ့ အခါကျတော့ အဲဒီနေရာမှာပဲ။ တကယ်လို့ ဆက်သွားနိုင်မယ်ဆိုလို့ရှိရင် ကြုံတဲ့ရွာတွေ တိုးတဲ့အိမ်တွေ သူတို့လုပ်နေကျ ထုံးစံအတိုင်းပဲ။ ကမမောင်းကနေ ကတိုင်တိအထိက လုပ်ထားခဲ့တာ အများကြီးပဲ”လို့ ပြောပါတယ်။
ဇွန် ၁ ရက် မနက် ၁၀ နာရီကျော်က ဖာပွန်မြို့နယ်၊ ပိုးကျိရွာကို စစ်အာဏာရှင်စစ်ကြောင်းက ဒရုန်းနဲ့ ဗုံး ၄ လုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်တပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့အနီးအနား ကျေးရွာက ဒေသခံပြည်သူတွေဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကရင်နိုင်ငံရေးနှင့်စစ်ရေးလေ့လာသူတယောက်က “ဖာပွန်ကိစ္စက ဆိုးသထက်ဆိုးလာမယ် ကြမ်းသထက်ကြမ်းလာမဲ့ ပုံစံမျိုး ဖြစ်တယ်။ စကမဘက်ကတော့ မြေပြင်ကနေလည်း စစ်ကြောင်းထိုးသလို လေကြောင်းပစ်ကူတွေ ဒရုန်းပစ်ကူတွေကို အားပြုပြီးတော့မှ ဖာပွန်ရဲ့ တိုက်ပွဲကို အကောင်အထည်နေတယ်။ သူရဲ့ စစ်ရေးဗျူဟာအရက။ ဒီတော့ ပြောချင်တာက စစ်ရှောင်တွေ ပိုများလာမယ်။ ထိခိုက်ဒဏ်ရာရ နှစ်ဖက် ကျဆုံးမှုတွေ ပိုများလာမယ်။ စစ်ရေး အခြေအနေအရ ပြောရမယ်ဆိုရင်တော့ ကတိုင်တိအရှေ့ဘက်ကို စကမက ရောက်သွားပြီးဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့မှ ပိုမိုပြင်းထန်လာမဲ့ တိုက်ပွဲတွေကို မြင်တွေ့ရဖို့ ရှိတယ်လို့ မြင်မိတယ်”လို့ ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်အာဏာရှင်တပ်တွေ စစ်ကြောင်းထိုးနေတဲ့အတွက် လက်ရှိမှာ စစ်ရှောင်ပြည်သူ ၂၀,၀၀၀ နီးပါးအထိ ရှိလာပါတယ်။
ဒါအပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နှစ်စမှာ တပ်မဟာ ၅ နယ်မြေ အတွင်းက ဒွယ်လိုးမြို့နယ်က ကျောင်း ၉ ကျောင်းနဲ့ ဘူးသိုမြို့နယ်က ကျောင်း ၆ ကျောင်း ပိတ်ထားရတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။










