ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအမျိုးသမီး တယောက်ကို ထိုင်းရဲက လူသတ်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ် ရပ်ကွက် ၄ ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က လူသတ်မှုဖြစ်ကြောင်း သတင်းပေးပို့ချက်ရလို့ လူနာတင်ကားတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အချင်းဖြစ်ပွားရာနေရာမှာ သွပ်မိုးသွပ်ကာ တထပ်နေအိမ် တလုံးဖြစ်ပြီး အိမ်ထဲမှာ အမျိုးသမီး တယောက်ဝမ်းဗိုက်ဘယ်ဘက်ခြမ်းမှာ အနက် ၆ စင်တီမီတာရှိဓားထိုးရ တချက်၊ နောက်ကျောမှာ အနက် ၇ စင်တီမီတာခန့်ရှိ ဓားထိုးရာ တချက်နဲ့ လဲကျသေဆုံးနေတာ တွေ့ရတယ်လို့ ဆိုင်းယုတ် ရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၅၆ နှစ်ရွယ် မြန်မာအမျိုးသမီးဖြစ်ပြီး ဒီမတိုင်ခင်က သူနဲ့သိကျွမ်းသူ အသက် ၂၅ နှစ်ရွယ် မြန်မာအမျိုးသမီးက အဆိုပါအိမ်သို့ အလည်လာခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးက အိမ်ရှေ့ကွပ်ပျစ်မှာ အရက်သောက်ပြီး အိမ်ထဲကအမျိုးသမီးကို အရက် အတူ ဝိုင်းဖွဲ့သောက်ဖို့ အော်ခေါ်ခဲ့ကြောင်း၊ အိမ်ထဲက တယောက်မှာ တော်တော်နဲ့ ပေါ်မလာလို့ တယောက်ထဲသောက်ပြီး မူးလာစဉ် အိမ်ထဲဝင်သွားပြီးတော့ အဆိုပါ အမျိုးသမီးကို ဓားနဲ့ ထိုးသတ်ခဲ့တာလို့ အိမ်နီးချင်းတွေက ပြောပါတယ်။
ဓားထိုးမှုကျူးလွန်သူမှာ ဒီမတိုင်ခင်ကလည်း စိတ်ပိုင်းဆိုင်ရာဝေဒနာရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသမီးဟာ လူသတ်မှုကျူးလွန်ပြီးထွက်သွားရာက အဲဒီနေ့မှာဘဲ ရဲတွေက သူ့ကို အခင်းဖြစ်ပွါးတဲ့ နေရာနဲ့ ၃ ကီလိုအကွာ သူရဲ့နေအိမ်မှာ သွားရောက်ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ် ။