DVB Logo
Home
မြန်မာသတင်း
ရွှေလီမြို့တွင် လော့ဒေါင်းချထားသဖြင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်ပြီး မြန်မာကုန်စည်များ ပိတ်မိ ပျက်စီး
DVB
·
September 20, 2022
ရွှေလီမြို့တွင် လော့ဒေါင်းချထားသဖြင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်ပြီး မြန်မာကုန်စည်များ ပိတ်မိ ပျက်စီး
Donate to DVB

မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့ကို လော့ဒေါင်းချထားပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်တဲ့အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရွှေလီဘက်က ကုန်တွေအကုန်လုံး ရပ်တန့်သွားတယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

လက်ရှိ ရွှေလီနဲ့ ကျယ်ဂေါင် ကုန်သွယ်ရေး စခန်းမှာ မြန်မာဘက်က ကုန်တွေ ကွန်တိန်နာ အစီးရေ ၃၀၀ နဲ့ ၄၀၀  အများကြီး ပိတ်မိနေကြပြီး ပိတ်မိကုန်စည်တွေကြောင့်   ဆုံးရှုံးမှုတွေရှိနေတယ်လို့  ပို့ကုန်တွေပိတ်မိပြီး ကိုယ်တိုင်အခက်အခဲတွေ့နေတဲ့  နယ်စပ်ကုန်သည်တဦးက ဒီဗွီဘီကို ပြောပါတယ်။   

“အဲ့ကျယ်ဂေါင်မှာလဲ ပြီးခဲ့တဲ့ တပတ်က ပိုးတွေ့လို့ဆိုပြီး ပိတ်ထားတယ်။ အခု ရွှေလီမှာ ထပ်တွေ့လို့ ထပ်ပိတ်ပြန်ပြီ။ ဆိုတော့ တရုတ်နယ်စပ်ကုန်သွယ်ရေးက ကျနော်တို့ ဒီဘက်အခြမ်းမှာ ရပ်သလောက်နီးနီး ဖြစ်သွားပြီ။ ကုန်ကျစရိတ်တွေကလည်း မနည်းဘူး။ ဆုပ်လည်းဆူး၊ စားလည်းရူးဖြစ်နေကြရပြီ။ ပိတ်မိနေတဲ့ တွဲကားပေါင်း ၄၀၀ နီးပါး အပြင် မထုတ်ရသေးတဲ့ ကုန်တွေကလည်း ရှိနေတော့ သိန်းပေါင်းက သိန်းနဲ့ချီ ရှိလာနိုင်တယ်။ ကုန်စည်တွေကလည်း ကြာလာတာနဲ့အမျှ ပျက်ကုန်တာတွေ ဖြစ်လာပြီး မှိုတက်တာနဲ့ ဆိုတော့ ဆုံးရှုံးရတာတွေက များလာတော့မယ်။”

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ မြန်မာဘက်အခြမ်း ကျင်စန်းကျော့ ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ် ပြည်မဆီ ကြံ၊ ပြောင်းနဲ့ သီးနှံတွေကို တင်ပို့နေတာ ဖြစ်ပြီး တရုတ်ပြည်ဘက်က ဆောက်လုပ်ရေးပစ္စည်းတွေ ဆိုင်ကယ်ဘက်ထရီနဲ့ လူသုံးကုန်ပစ္စည်းတွေကို တင်သွင်းနေတာပါ။ 

ဒါပေမဲ့ ကိုဗစ်ရောဂါကူးစက်မှု ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မြန်မာဘက်က ပို့ကုန်တင်ပို့မှုက နှေးကွေးသွားတဲ့အပြင် ကုန်ကားတစီးဝင်၊ ကုန်ကား တစီးထွက် သတ်မှတ်ထားတာကြောင့် မြန်မာဘက်က ကုန်စည်တွေဟာ အရင်ကလို တင်ပို့နိုင်မှု မရှိတော့သလို တရုတ်ဘက်ကလည်း မသွင်းနိုင်တော့တဲ့ အခြေအနေ ရောက်နေရပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အဓိကဝင်ပေါက်တခုဖြစ်တဲ့ ရွှေလီမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်တွေ့ရှိလာလို့ ရွှေလီမြို့ကို ၅ ရက်တာ Lock down သတ်မှတ်လိုက်ပေမဲ့ အချိန် ဒီထက်ပိုပြီး ကြာနိုင်ဖို့ ရှိတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပြန်လည်တွေ့ရှိလာတဲ့အတွက် တမြို့လုံး အတိုင်းအတာအနေနဲ့ စက်တင်ဘာ ၁၇ ရက်ကစပြီး ၂၁ ရက်အထိ ၅ ရက်တာ ဖြတ်သန်းသွားလာခွင့်ကို အာဏာပိုင်တွေက ကန့်သတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီသတ်မှတ်ကာလထက် ပိုပြီး ကြာနိုင်ဖို့ ရှိတယ်လို့ ယခင်အဖြစ်အပျက်တွေအပေါ် အခြေခံပြီး မြန်မာကုန်သည်တွေက သုံးသပ်ထားပါတယ်။

“ပြီးခဲ့တဲ့၂၀၂၁ နှစ်ကုန်ပိုင်းကဆိုရင် ပိုးတွေ့တာနဲ့ ဘယ်နားတွေ့တွေ့ အကုန် Lock down ပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ပိုးတွေ့ပြီဟေ့ ဆိုရင် ပိုးတွေ့တဲ့လမ်းကိုပဲ Lock down ချတော့တယ်။ ပိုးတွေ့တဲ့နေရာကလည်း အခုဆိုရင် ၉ နေရာ ရှိနေပြီဆိုတော့ သူတို့ကလည်း နည်းနည်း လန့်လာတာပေါ့နော်။ ဒီတော့ ရွှေလီတမြို့လုံးကို ၅ ရက်တာ Lock down ချထားတယ်။ စက်တင်ဘာ ၁၇ ရက် ကနေ ၂၁ ရက်နေ့အထိ ၅ ရက်ပေါ့။ ဒါပေမဲ့ ကျနော်တို့ အမြင်က ၂၁ ရက်နေ့ ရောက်လို့ ၅ ရက်ပြည့်ရင်လည်း ထပ်တိုးဖို့ ရှိတယ်ဗျ။ ဘာလို့လဲဆို အရင်ကတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရပေါ့နော်။ အချိန်ကို အဲ့လိုပဲ သူတို့ ထပ်တိုးသွားကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအတည်ပြုလူနာပေါင်း ၇,၁၆၅၃,၆၅၉  ဦးရှိပြီး သေဆုံးသူ ၂၅,၆၇၁ ဦးရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO )က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013