DVB Logo
Home
မြန်မာသတင်း
မိုးဗြဲမြို့ကို စစ်ကောင်စီအင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူ၊ စစ်ရေးအခြေအနေတင်းမာ
DVB
·
September 19, 2022
မိုးဗြဲမြို့ကို စစ်ကောင်စီအင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူ၊ စစ်ရေးအခြေအနေတင်းမာ
Donate to DVB

ရှမ်း-ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ဘက်က လူအင်အားလက်နက်အင်အား အများအပြား အသုံးပြုပြီး ဝင်ရောက်နေရာယူထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက် အစောပိုင်း ၁ နာရီအချိန်ကစပြီး မိုးဗြဲမြိုပေါ်ကို စစ်ကောင်စီတပ်ဘက်က တာဝေးပစ်လက်နက်ကြီးတွေ စတင်ပစ်ခတ်ခဲ့ပြီး မနက် ၂ နာရီလောက်မှာတော့ စစ်ကြောင်း ၂ ကြောင်းနဲ့ မိုးဗြဲမြို့ထဲ ဝင်ရောက်နေရာယူခဲ့တာလို့  မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု တချို့ရှိပေမယ့် အရေအတွက် မသိရသေးပါဘူး။

စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်ကြီးတွေ၊ တင့်ကား အသုံးပြုပြီး  အဆမတန် သာလွန်ပစ်ခတ်မှုကြောင့်  ပူးပေါင်းအဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးသွားပြီး တဦးကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဘက်က မိုးဗြဲမြို့ စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော်ဘုန်းကြီးကျောင်းတွင်းက အပြစ်မဲ့ပြည်သူလူထု ၁၀၀ လောက်ကို ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း မိုးဗြဲ PDFက ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီရဲ့ သာလွန်အင်အားအသုံးပြုခဲ့မှုကြောင့် ပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးဗြဲမြို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တကယ်တမ်းကျတော့ မိုးဗြဲက ကယားပြည်နယ်ရဲ့ လမ်းဆုံလမ်းခွနေရာပဲလေ။ အဲတော့ PDF က ဝင်လာရင်လည်း ထိန်းချုပ်ထားနိုင်ဖို့က မလွယ်ဘူး။ ဒါပေမဲ့ အဲဒီမိုးဗြဲထဲမှာတော့ PDF, KNDF လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ စစ်တပ်ကလည်း မလာနေဘူး။ PDF ကလည်း ထိုင်နေလို့ မရဘူး။ ထိုင်ရင်လည်း သူတို့က လက်နက်ကြီးတွေနဲ့ ထုတယ်။ အဲဒါကြောင့်မို့လို့ စစ်တပ်ကလည်း လာမနေဘူး။ PDF လည်း လာမနေဘူး။ ဒါပေမဲ့ လှုပ်ရှားတာမျိုးတော့ ရှိတာပေါ့။ သူတို့ အလုံးအရင်းနဲ့ ဝင်လာတဲ့အချိန်မှာ ကျနော်တို့က စစ်ရေးအရတော့ တမျိုးတော့ လုပ်မှာပေါ့။”

လတ်တလောက်မှာတော့ မိုးဗြဲမြို့ပေါ်နေရာအနှံကို စစ်ကောင်စီဘက်က နေရာယူထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအင်အားအများအပြား သေဆုံးခဲ့ရသလို လက်နက်ခဲယမ်း အများအပြားကိုလည်း ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်ကစပြီး အင်အားလုံးအရင်းနဲ့  စစ်ကြောင်းတွေ ပြန်လည်ထိုးလာတဲ့အတွက် မိုးဗြဲကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခွာရတဲ့ အနေအထား ဖြစ်နေတာလို့လည်း ဆိုပါတယ်။

“ပြီးခဲ့တဲ့တခေါက်က လက်နက်ခဲယမ်းပါတာများတယ်။ နောက်သူတို့ဘက်က ကျဆုံးတာ အဆမတန် များတဲ့အခါကျတော့ ဒီနယ်တဝန်းမှာ နယ်မြေရှင်းလင်းရေးလုပ်ပါဆိုတဲ့ပုံစံနဲ့ လာပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်တာ။ တင့်ကားတွေ ဘာတွေနဲ့ပါ လာတော့ ကျနော်တို့ဆီက မိုးဗြဲ ပါတယ်ဆိုတာ မဟုတ်ပါဘူး။ လိုအပ်လို့ ဆုတ်ကာ၊ တက်ကာ လုပ်တာမျိုးကတော့ ရှိမှာပဲလေ။ အခုက တိုက်ပွဲက ကောင်းကောင်းတောင် မဖြစ်ရသေးဘူး။ လွိုင်ကော်ကနေကော မိုးဗြဲ ၄၂၂ ထဲကကော လက်နက်ကြီးတွေနဲ့ အဆမတန်ထုတော့ နေရာယူတဲ့နေရာမျိုးတွေ နောက်ဆုတ်တာတွေ ဘာတွေ ရှိတာပေါ့။”  

မိုးဗြဲကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေချိန် ဖယ်ခုံမြို့ပေါ်မှာလည်း နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အသေးစိတ် မသိရသေးပါဘူး။

စက်တင်ဘာ ၁၇ ရက်နေ့ကလည်း လွိုင်ကော်မြို့အထွက် နွားလဝိုင်းနဲ့ ပဒါးညေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ပြည်သူကာကွယ်ရေးတပ်ဘက်က ၁ ဦး သေဆုံးခဲ့ရသလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမိုးဗြဲမြို့မှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့  လုံခြုံစိတ်ချရသောနေရာတွေမှာ နေထိုင်ပေးကြဖို့နဲ့ ခရီးသွားမိဘပြည်သူများအနေနဲ့ မိုးဗြဲလမ်းကို အသုံမပြုကြသေးဖို့ သတင်းပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013