Home
မြန်မာသတင်း
ဘုတလင်တွင် တိုက်ပွဲကြောင့် ရွာသားများထွက်ပြေးနေရ
DVB
·
September 19, 2022

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အောင်သာရွာနားမှာ စက်တင်ဘာ ၁၈ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“တိုက်ပွဲကတော့ အဖြေဘယ်လိုထွက်မလဲတော့ မသိရသေးဘူးဗျ။ လက်နက်သံတွေကတော့ ဆူညံနေတယ်။ ပွဲကတော့ အတော်လေးကြမ်းနေတယ်။ ကျနော်တို့ဒေသခံတွေကတော့ စစ်ကြောင်းထိုးလာပြီဆိုတာနဲ့ ထွက်ပြေးနေရတယ်။ အခုလည်း ရွာကနေ ထွက်ပြေးနေရတာ ၃ ရက်ရှိနေပြီ” လို့ အောင်ချမ်းသာရွာသားတယောက်က ပြောပါတယ်။ 

ဘုတလင်မြို့နယ်ထဲမှာ တပ်မ ၃၃ က စစ်ကြောင်းထိုးနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

“တိုက်ပွဲက မဖြစ်ချင်လည်း ဖြစ်ရမှာပဲ။ ဘာကြောင့်လဲဆိုတော့ မ‌နေ့က ကျနော်တို့ ကာကွယ်ရေးတပ်က အသက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ ရဲဘော်ဆံနီကို သက်ရှည်ကံရွာမှာ ပစ်သတ်ထားခဲ့ကြတာ။ အဲဒီအလောင်းလည်း ကျနော်တို့ တွေ့ထားတယ်။ စစ်ကောင်စီက ဘာကြောင့်စစ်ကြောင်းထိုးရတာလဲဆိုတော့ အရင်က PDF ကလေးတွေ အဖမ်းခံရတာတွေရှိခဲ့တော့ သတင်းအစအနကြောင့် အခုလို စစ်ကြောင်းထိုးတာဖြစ်နိုင်တယ်”လို့ ဘုတလင် နင်ဂျာအဖွဲ့ခေါင်းဆောင် ကိုနင်ဂျာက ပြောပါတယ်။  

စစ်ကောင်စီတပ်က အောင်ချမ်းသာရွာ၊ သက်ရှည်ကံရွာက ပြည်သူ ၇ ယောက်ကိုလည်း ဖမ်းဆီးထားပြီး လူသားဒိုင်းသဖွယ် အသုံးပြုနေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ဗန္ဓုလ တပ်ရင်းရဲ့ ရန်ကြီးအောင်အဖွဲ့၊ ဒေသခံ PDF အဖွဲ့တွေ၊ နင်ဂျာအဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် အောင်ချမ်းသာရွာ၊ ကုန်းသာရွာ၊ ဆိတ်လူးအိုင်ရွာ၊ ဇီးတောရွာတို့က ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024