DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ပြည်သူ ၇၁ ဦး သေဆုံး
DVB
·
September 19, 2022
ရခိုင်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ပြည်သူ ၇၁ ဦး သေဆုံး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးပြီး ၁၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA က ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ ယခင်က သူတို့ စခန်းချ တပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေကို ပစ်စလက်ခတ်ထောင်ထားခဲ့သလို စည်းမဲ့ကမ်းမဲ့ စွန့်လွှတ်မိုင်းတွေကြောင့် ​ရခိုင်ပြည်နယ်မှာသာမက မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း မြေမြှုပ်မိုင်းဒဏ်ကို ပြည်သူတွေ ဆိုးဆိုးရွားရွား ခံစားနေကြရတယ်လို့ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာတော့ မြန်မာစစ်တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီးတော့ ခြေပြတ်၊ လက်ပြတ် ဒဏ်ရာရသူတွေရှိတာကို အခုရက်ပိုင်းအထိ ဆက်တိုက်ကြားနေရတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလတွေမှာ ဒီနေ့အထိ ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄၆ ယောက်ရှိတယ်။” 

မေလအတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ နင်းမိမှု ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၆ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရရှိကြောင်း၊ ပြည်သူတွေအနေနဲ့ မိုင်းပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုနဲ့ အသက်မဆုံးရှုံးရအောင် စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ ယခင်က စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ နေရာတွေကို ​လုံးဝမသွားကြဖို့ သတိပေးထားပါတယ်။

ရက္ခိုင်ပြည်သူ့အစိုးရအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို မိုင်းအန္တရာယ် အသိပညာပေး ဟောပြောတာတွေ မိုင်းအန္တရာယ်ရှိတဲ့ နေရာတွေကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့နဲ့ အဲဒီနေရာတွေကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ကွမ်းအုံစုရွာမှာ စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ပြည်သူတဦး ခြေထောက်တဖက် ပြတ်ထွက်သွားကာ အပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး အမျိုးသား ၁ ယောက် ခြေထောက် နှစ်ဖက်လုံး ဆုံးရှုံးပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်အတွင်း တိုက်ပွဲတွေမှာတော့ အေအေဘက်က စစ်ရေးအသာစီးရထားတယ်လို့ ULA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

“မောင်တောမြောက်ပိုင်းမှာ အေအေအနေနဲ့ ရန်သူရိက္ခာလမ်းကြောင်းနဲ့ စစ်အင်အားတိုးချဲ့မယ့် လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်တယ်။ နယ်မြေစိုးမိုးရေးတွေကို အားကောင်းအောင် လုပ်လာနိုင်တဲ့အတွက် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ အထိ အင်အား ၂၀ နဲ့ ၃၀ အထိ စခန်းငယ်များကို သိမ်းနိုင်ခဲ့တာတွေရှိသလို အင်အား ၇၀ နဲ့ ၁၀၀ ကြားစခန်းတွေကို သွားပေါင်းပြီး နောက်ဆုတ်သွားတာတွေလည်း ရှိတယ်။ လက်ရှိပြေပြင်အနေအထားအရ ကျနော်တို့ဘက်က စစ်ရေးအသာစီးရထားတယ်လို့ ပြောလို့ရပါတယ်။ ရန်သူဘက်ကလည်း လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာအင်အား အများအပြား တိုးချလာနေတာ တွေ့ရပါတယ်။ ဒါကြောင့် လာမယ့်ကာလမှာ တိုက်ပွဲတွေပြင်းထန်လာဖို့ရှိပါတယ်။" 

အေအေ အနေနဲ့ မောင်တောမြိုနယ်မြောက်ပိုင်းမှာ သြဂုတ် ၃၀ ရက်နေ့က မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်ခြားမှတ်တိုင် (၄၀) နဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ကြိမ်ချောင်း ၂၄ ဗျူ ကာကင်း စခန်းဖြစ်တဲ့ ခမရ (၃၅၂) တပ်စခန်းနဲ့ မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းအား စက်တင်ဘာ ၁၅ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ပြီး နယ်ခြားမှတ်တိုင် ၄၀ မှ ၅၃ အထိ စခန်းငယ်အများစုအားလည်း သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွေမှာ နှစ်ဖက်အကျအဆုံး ရှိခဲ့တယ်လို့ ဦးခိုင်သုခက‌ ပြောပါတယ်။

ရခိုင်ပြည်နယ်နေရာအနှံ့မှာလည်း နှစ်ဖက် တိုက်ပွဲတွေ ပိုပြင်းထန်လာနို‌င်တယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီတပ်တွေက မောင်တောနဲ့ ပလက်ဝဒေသတွေသာမက ရခိုင်တပြည်နယ်လုံး တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယဉ်းမီးကျောက်၊ ရိက္ခာများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်များအပြင် အရပ်ဘက်သုံး အမြန်ရေယာဉ်၊ ကား၊ မော်တော်ဘုတ်များကိုသုံးကာ စစ်အင်အားများ ဖြည့်တင်းလျက်ရှိနေသည့်အတွက် နှစ်ဘက် စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှုများ ယခုထက် ပိုမိုပြင်းထန်လာနိုင်ပြီး နောက်ထပ် တိုက်ပွဲများလည်း နေရာအနှံ့ ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်တယ်။"

စစ်ကောင်စီက မောင်တောဒေသကို စက်တင်ဘာ ၁၄ ရက်က ကစ္ဆပနဒီသင်္ဘော နှစ်စီး၊ ဇက်က်သင်္ဘောကြီးတို့နဲ့ လက်နက်ရိက္ခာနဲ့ စစ်အင်အား ၆၀၀ ကျော် အင်အားဖြည့်တင်းလာသလို တောင်ပြိုလက်ဝဲစစ်ဗျူဟာ၊ ပလက်ဝဒေသသာမက ရခိုသ်တပြည်နယ်လုံးကို လက်နက်နဲ့ လူအင်အား ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်က စစ်ရေး အသာရရှိရထားတဲ့ မောင်တောဒေသအား စစ်ကောင်စီက လေကြောင်းကနေ အေအေ တပ်ဖွဲဝင်တွေရှိတဲ့ နေရာတွေနဲ့ ကျေးရွာတွေအနီး နေစဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာလည်း စစ်ကောင်စီက မောင်တောမြောက်ပိုင်းမှာ ကုန်းလမ်း၊ ရေလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး လေကြောင်းမှ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာ ၃၀ လောက်က ဒေသခံတွေဟာ မောင်တော၊ ဘူးသီးတောင် စတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရပြီး ကျေးရွာအချို့မှာ  ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013