DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လက်ခံမည်ဟု အေအေ ပြော
DVB
·
September 19, 2022
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လက်ခံမည်ဟု အေအေ ပြော
Donate to DVB

မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာသွားကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ(ဘင်္ဂါလီ) ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောလိုက်ပါတယ်။

ရက္ခိတလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်ဖို့ လက်ရှိ တကျော့ပြန် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေဟာ  “အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ” ဖြစ်သွားမယ်လို့ အေအေဒုစစ်ဦးချုပ်က စက်တင်ဘာ ၁၆ ရက် ပြောဆိုအပြီး  အေအေက တိုက်ပွဲတွေ ဖော်ဆောင်လာသလို အခုလည်း  ရိုဟင်ဂျာ(ဘင်္ဂါလီ) ဒုက္ခသည်တွေကို လက်ခံမယ်လို့ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနဲ့ ဘူသီးတောင်မြို့နယ်တွေက ရိုဟင်ဂျာ(ဘင်္ဂါလီ) ၇ သိန်း ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ၂၀၁၇ ခုနှစ်ကတည်းက နေရပ်စွန့် ခွာ သွားခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေကြရတာဖြစ်ပါတယ်။ 

သတင်းထောက်တဦးရဲ့ ရိုဟင်ဂျာ(ဘင်္ဂါလီ)တွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မေးမြန်းချက်ကို ဦးခိုင်သုခက “ULA/ AA အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းပေးရမယ်ဆိုရင် ဖြစ်သင့်တာကတော့ နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ULA/ AA ကို ဒီပြဿနာကို ဖြေရှင်းတဲ့အခါ အစိုးရတရပ်အနေနဲ့ အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ နောက်တချက်က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UN အပါအဝင် ကမ္ဘာအင်အားကြီးနိုင်ငံတွေက ကူညီထောက်ပံ့မှု အပြည့်အဝပေးပြီးတော့ ULA အတူ ရပ်တည်ပေးဖို့ လိုပါတယ်။ အဲဒီအခြေအနေတရပ်ကို ရောက်တဲ့နေ့ကျရင် ULA/AA ရဲ့ ဒုက္ခသည် လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး မူဝါဒကို တရားဝင် ထုတ်ဖော်ကြေညာပြီး တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအခြေခံကနေ ရေရှည်တည်တံ့စွာ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ ဖြေရှင်းမှု ပုံစံမျိုးနဲ့ ဖြေရှင်းသွားမယ် ရည်ရွယ်ချက် ရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပေမဲ့ မြန်မာဘက်က တိကျတဲ့ မူဝါဒတွေ ချမပြနိုင်တာကြောင့် ဒုက္ခသည် တသန်းလောက် နေရပ်ပြန်နိုင်ခြင်း မရှိသေးပါ။

ရိုဟင်ဂျာအပေါ် မြန်မာစစ်တပ်က သတ်ဖြတ်မှုတွေကြောင့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားလို လုပ်ပြီးတော့ အပြည်ပြည်ဆိုင်တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ စစ်ကောင်စီက ငြင်းဆိုထားသလို ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့စဉ် အမှုရင်ဆိုင်ချိန်တုန်းက NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း လူမျိုးတုံးသတ်ဖြတ်မှုတွေ မရှိသလို ရည်ရွယ်ပြီး လုပ်ကိုင်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။

မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးမရှိကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရသာ လက်ခံမယ်လို့ မြန်မာအစိုးရ အစဉ်အဆက် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013