DVB Logo
Home
မြန်မာသတင်း
ပလက်၀၌ အေအေတပ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ၁၁ ကြိမ်တိုက်ခိုက်၊ ရသေ့တောင် ကုန်းနှင့်ရေလမ်း အကန့်သတ်မရှိပိတ်
DVB
·
September 19, 2022
ပလက်၀၌ အေအေတပ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ၁၁ ကြိမ်တိုက်ခိုက်၊ ရသေ့တောင် ကုန်းနှင့်ရေလမ်း အကန့်သတ်မရှိပိတ်
Donate to DVB

ချင်းပြည်နယ် ပလက်၀မြို့နယ် အေအေတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို စစ်ကောင်စီက တိုက် လေယာဉ်  ၃ စီး၊ ရဟတ်ယာဉ် ၂ စီးနဲ့ ၁၁ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) သတင်းနှင့်ပြန်ကြားရေးက စက်တင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။

နှမဒါ​ကျေးရွာတောင်ဘက် ၂ ကီလိုမီတာအကွာအဝေးမှာရှိတဲ့နေရာကို စက်တင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီ ၄၈  မိနစ်ကစပြီး မိနစ် ၃၀ အကြာ ဝေဟင်မှ တိုက်ခိုက်ခဲ့သလို  မီးဝဗျူဟာမှ ​လက်နက်ကြီး ပစ်ကူပေးချိန် အေအေ ဘက်ကလည်း မီးဝဗျူဟာကို လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေသခံ တဦးက "လေကြောင်းတိုက်ခိုက်တာတော့ အေအေဘက်ကလည်း ထိခိုက်ကျဆုံးတာတွေ ရှိမှာပါ။ စစ်ကောင်စီဘက်ကတော့ အကျအဆုံးများနေတယ်လို့ သိရတယ်။ ဒါကြောင့် အခုလို လေကြောင်းမှ ပြင်းထန်စွာ တိုက်လာတာ"လို့ ပြောပါတယ်။

ပလက်ဝနှမဒါ​ကျေးရွာက အေအေတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူအပြင် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ အခုဆို ၇ ကြိမ် မြောက် ရှိပြီဖြစ်ပေမဲ့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်တွေက ကြံ့ကြံ့ခံတိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို နှမဒါ​ကျေးရွာနားမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့်  ဒေသခံတွေေ စိုးရိမ်မှု မြင့်တက်နေကြပါတယ်။

နှမဒါရွာနေသူ တဦးက "လေကြောင်းတိုက်ခိုက်မှုက တော်တော်လေး ပြင်းထန်ပါတယ်။ မြေကြီးတွေ တုန်ခါပြီး အိမ်တွေတောင် ငလျင်လှုပ်သလို ဖြစ်သွားတာ။ နောက်ထပ်ဒီလို တိုက်ခိုက်မှုမျိုး လုပ်လာမှာကို စိုးရိမ်နေကြတယ်" လို့ ပြောပါတယ်။

ပလက်ဝနဲ့ ဆက်စပ်မြို့နယ်ဖြစ်တဲ့  ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာတော့ စက်တင်ဘာ ၁၈ ကစပြီး ကုန်လမ်းနဲ့ရေလမ်း အဝင်အထွက်အားလုံး စစ်ကောင်စီက ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်ဒေသခံတဦးက "ဒီနေ့ ညနေ ၃ နာရီမှာ ရသေ့တောင်မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ပြီးပြောတာ။  ရေလမ်း၊ ကုန်းလမ်း အဝင်အထွက်တွေကို အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ပြောလိုက်တာပါ" လို့ ပြောပါတယ်။

စစ်ကောင်စီဗျူဟာမှူးရဲ့ အမိန့်အရ ​ရေယာဉ်တွေနဲ့ လှေတွေ အဝင်အထွက်မလုပ်ကြဖို့၊ စက်တပ်ရေယာဉ်တွေ လုံးဝ ဝင်ခွင့် မပြုဖို့၊ မလိုက်နာပါက  သေနတ်နဲ့ ပစ်မယ်ဆိုပြီး ရသေ့တောင်မြို့နယ်ကျေးရွာတွေကိုလည်း မြိုနယ်စည်ပင်သာယာအဖွဲ့က ဖုန်းဆက် အကြောင်းကြားလာ တယ်လို့ ဒေသခံစက်လှေပိုင်ရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့ မေယုမြစ်ထဲမှာလည်း စစ်ကောင်စီ ရေယာဉ် နှစ်စီး ကျောက်ချကာ ရေကြောင်းအသွားအလာတွေကို စစ်ဆေးနေသလို ပုဏ္ဏကျွန်းရသေ့တောင် ကားလမ်းလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တော-အငူမော် ကားလမ်းအား သြဂုတ် ၁၄ ရက်၊ ဘူးသီးတောင်-စစ်တွေ ရေလမ်းအား စက်တင်ဘာ ၁၅ ရက်နဲ့ စက်တင်ဘာ ၁၈ ရက်မှာတော့ ရသေ့တောင်မြို့နယ်ရှိ ကုန်းလမ်း၊ ရေလမ်း တွေကို စစ်ကောင်စီက ရက်အကန့်သတ်မရှိ ပိတ်ထားပြီးဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်က ပလက်ဝနဲ့ဆက်စပ်မြိုနယ် မောင်တောမြောက်ပိုင်းမှာလည်း စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကြိမ်ချောင်းရွာဘုန်ကြီးကျောင်းကို ထွက်ပြေးလာ တဲ့ မီးတိုက်ရွာက စစ်ရှောင် ၅၀ ကျော်ဟာလည်း မောင်နှမရွာကြား စက်တင်ဘာ ၁၇ ရက် တိုက်ပွဲကြောင့် မြို့ပေါ်ကို မသွားနိုင်ဘဲ အဲဒီဘုန်းကြီးကျောင်းမှာ ထပ်ပြီ ပိတ်မိနေတယ်လို့ ကြိမ်ချောင်းရွာဆရာတော်က မိန့်ပါတယ်။

မီးတိုက်ကျေးရွာသား တဦးက "ရွာနား လက်နက်ကြီးတွေ ကျလာတယ်။ လေယာဥ်နဲ့ ဗုံးကြဲလာ‌‌တော့ ရွာက ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ အမျိုးသမီးတွေ ၅၀ လောက် ကား ၂ စီး နဲ့ မောင်တောကို ထွက်ပြေးလာတာ။ ဖားဝပ်ချောင်းရွာအရောက် မောင်နှမကျေးရွာမှာ တိုက်ပွဲ ဖြစ်နေကြတာကြောင်း မသွားဝံကြဘဲ့ ကြိမ်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ပိတ်မိနေတယ်”လို့ ပြောပါတယ်။

တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်မှာ  အဆုံးအဖြတ်ပေးမယ့် အဆုံးသတ် တိုက်ပွဲအချိန် ရောက်ပြီး အေအေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က စက်တင်ဘာ ၁၆ ရက်က သူရဲ့ လူမှုကွန်ရက်မှာ ပြောကြားလိုက်ပြီးနောက် စစ်ကြောင်းထိုးဖို့ ရောက်လာတဲ့ တပ်မ ၇၇ ကို မောင်နှမကျေးရွာမှာ အေအေ က စက်တင်ဘာ ၁၇ ရက်နေ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ ပြီးခဲ့တဲ့လကစလို့ တကျော့ပြန်တိုက်ပွဲ တွေ ဖြစ်ပွားနေပြီး အေအေက မောင်တောမြို့နယ်မှာရှိတဲ့ တပ်စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာလည်း ရှိလာနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရင်ကတည်းက နေရပ်စွန့်ခွာပြီး အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၈၀,၀၀၀ လောက်ရှိပြီး အခုလို တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် နောက်ထပ် လူဦးရေ ၆,၀၀၀ လောက် စစ်ဘေးရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေကြရပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်က ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တောနဲ့ မောင်တောမြို့နယ်တို့နဲ့ဆက်စပ်နေပြီး ရခိုင့်တပ်တော်(အေအေ) လှုပ်ရှားရာနယ်မြေတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013