DVB Logo
Home
မြန်မာသတင်း
ရခိုင်အမတ်ဟောင်း ဦးဖေသန်းကို စစ်ကောင်စီက ပုဒ်မ ၂ ခု ဖြင့် အမှုဖွင့်
DVB
·
September 18, 2022
ရခိုင်အမတ်ဟောင်း ဦးဖေသန်းကို စစ်ကောင်စီက ပုဒ်မ ၂ ခု ဖြင့် အမှုဖွင့်
Donate to DVB

ရခိုင်အခြေစိုက် DMG သတင်းဌာနမှာ စက်တက်ဘာ ၁၅ ရက်က ရက္ခိုင့်တပ်တော်(အေအေ) ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အင်တာဗျူးဖြေကြားမှုကြောင့် စစ်ကောင်စီက အကြည်ညို ပျက်စေ မှု ပုဒ်မ - ၅၀၅(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ- ၆၆(ဃ)တို့နဲ့ မြေပုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရခိုင်ဝါရင့် နိုင်ငံရေးသမား မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

DMG သတင်းဌာနမှာ စက်တင်ဘာ ၁၅ ရက်က ဖော်ပြခဲ့တဲ့ "အခု ရှုံးထွက်တိုက်ပွဲဖြစ်တယ်၊ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ ပြတ်ပြတ်သားသားတိုက်ပွဲ" ဆိုတဲ့ အမေးအဖြေ သတင်းတပုဒ်ကို အင်တာဗျူး ဖြေကြားခဲ့တာကြောင့် မြေပုံမြို့မရဲစခန်းမှာ ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့် ခံထားရတယ် ဆိုပါတယ်။

ဦးဖေသန်းက "စက်တင်ဘာ ၁၅ ရက်က DMG သတင်းဌာနနဲ့ ရှုံးထွက်တိုက်ပွဲဖြစ်တယ်ဆိုပြီး ဆောင်းပါးတပုဒ် အင်တာဗျူးဖြေခဲ့တယ်။ အဲဒါကို မနေ့က ခရိုင်ရဲမှူးက နေပြီးတော့ မြေပုံမြို့နယ် ရဲမှူးကို တရားစွဲ ခိုင်းထားတယ်။ အဲဒါကြောင့် မြို့နယ်မှာနေပြီးတော့ ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ) တို့နဲ့ အမှုဖွင့်ထားပါတယ်။ ပြီးတော့ တရားခံကိုလည်း လိုက်ဖမ်းပြီးတော့ တရားရုံးတင်ဖို့ သူတို့ ဆုံးဖြတ်ထားတယ်လို့ သိရတယ်။ အဲဒါကတော့ အတည်ပြုလို့ ရပါတယ်" လို့ ပြောပါတယ်။

ဦးဖေသန်းဟာ မြေပုံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်တိုင် ရွေးမြောက်ခံရတဲ့ ဝါရင့်ရခိုင်နိုင်ငံရေးသမားတဦးလည်းဖြစ်ပါတယ်။ 

အခုလို ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေများကို ပြောရမယ့်တာဝန်ရှိတယ်လို့ ခံယူ ထားတာကြောင့် စစ်ကောင်စီက တရားစွဲရင်လည်း ရင်ဆိုင်ရဲတယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

ဦးဖေသန်းက "အသက် ၂၀ ကတည်းက နိုင်ငံရေးလုပ်လာတာ အခုက အသက် ၆၀ ကျော်သွားပြီး ဆိုတော့ နှစ်ပေါင်း ၄၀ ကျော်လောက်ကို လက်နက်ကိုင် တော်လှန်ရေးလည်း လုပ်တယ်။ ပါတီနိုင်ငံရေး လုပ်တယ်။ လွှတ်တော်နိုင်ငံရေးလည်း လုပ်ခဲ့တယ်။ ဆိုတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကို ပြောပြဖို့ ကျနော်မှာ တာဝန်ရှိတယ်။ ကိုယ့်တိုင်းပြည်မှာလည်း ဖြစ်ပျက်နေတာတွေကို ပါးစပ်မဟရဲတဲ့ နိုင်ငံရေးသမား တယောက်အနေနဲ့ မသေနိုင်ဘူး။ အဲဒါက ကျနော်ရဲ့ ယူဆချက် ထင်မြင်တာတွေကို ပြောတာဖြစ်တယ်။ ​ပြောတယ်ဆိုတာက လက်ဖက်ရည်ဆိုင်မှာ ပြောတာ မဟုတ်ဘူး။ မီဒီယာအပေါ်မှာ ပြောတာဖြစ်တယ်။ အဲဒါကြောင့် ကိုယ်ဒေသရဲ့ နစ်နာချက်တွေ၊ ကိုယ်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အမြင်ကို အမြင်အတိုင်းပြောတာ ဖြစ်တယ်။ တရားစွဲချင်ရင်စွဲပေါ့  ရင်ဆိုင်ရဲပါတယ်"လို့ ပြောပါတယ်။

အခုလို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့  မြေပုံမြို့မရဲစခန်းကို ဆက်သွယ် နေဆဲ ဖြစ်ပါတယ်။

ဦးဖေသန်းဟာ ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီ တဦးအဖြစ်ကနေ ၂၀၂၁ ခုနှစ်ဇွန်လအတွင်းမှာ ပါတီကနုတ်ထွက်ခဲ့ပြီးတော့ နိုင်ရေးလေ့လာသုံးသပ်သူအဖြစ် မီဒီယာတွေအပေါ်မှာ ရခိုင်ရေးရာတွေကို ​သုံးသပ်ဖြေကြားပေးနေတဲ့ ဝါရင့်နိုင်ငံရေးသမားတဦး လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013