DVB Logo
Home
မြန်မာသတင်း
မြောက်ဦးစစ်ဆေးရေးဂိတ်တွင် ပရဟိတသမား ၁ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်
DVB
·
September 17, 2022
မြောက်ဦးစစ်ဆေးရေးဂိတ်တွင် ပရဟိတသမား ၁ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးရှိ ခမရ ၅၄၀ တပ်စစ်ဆေးရေးဂိတ်မှာ  စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ပရဟိတသမားတယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လတ်တလော တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာပြတ်နေတဲ့ မောင်တောနဲ့ ရသေ့တောင်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့ဖို့အစီအစဥ်နဲ့ ကိုအမ်းသားကြီး (ခ) ကိုဦးသန်းရွှေ အပါအဝင်  ပရဟိတသမားတွေ  စစ်တွေကို ဆင်းလာကြစဉ်  စစ်ဆေးရေးဂိတ်က  ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကာယကံရှင် ကိုအမ်းသားကြီးက “မြောက်ဦး ခမရ ၅၄၀ တပ်ဂိတ်က ဘယ်ကားကိုမှ မစစ်ဘူး၊ ကျနော့်ကားတစီးကိုပဲ ရွေးစစ်တာ။ မှတ်ပုံတင်ပြခိုင်းတယ်။ ကားလိုင်စင်ပြခိုင်းတယ်။ အဲဒါ ကျနော့်ကို ဖမ်းတော့မယ်ဆိုတာ သိနေတယ်။ ဒါကြောင့် ကားမောင်းပြီး ထွက်ပြေးတယ်။ စစ်တပ်က သေနတ်နဲ့ လေးချက်လမ်းပစ်တယ်။ ကားမှာ တချက်ထိတယ်။ လူတွေကတော့ ဘာမှဖြစ်မသွားဘူး” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ကားပေါ်မှာ ကိုအမ်းသားကြီး အပါအဝင် လူသုံးယောက် လိုက်ပါလာပြီး ပစ်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိဘဲ ကားအောက်ပိုင်းမှာ သေနတ်ကျည်တချက် ထိမှန်ခဲ့ပြီး မှတ်ပုံတင်နဲ့ ကားလိုင်စင်တွေ ကျန်ခဲ့တယ်လို့ ကိုအမ်းသားကြီးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ရှင်းလင်းထုတ်ပြန်တာ မရှိသေးပေမဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တချို့မှာတော့ မြောက်ဦးအဝင် စစ်ဆေးရေးအဖွဲ့က မူးယစ်ဆေးဝါး သယ်ဆောင်လာသူရဲ့ Honda Insight ကားထဲမှာ မူးယစ်ဆေးဝါး တွေ့ရှိတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးတရားခံရဲ့ကားမှာ အမ်းသားကြီး ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် ဦးဦးသန်းရွှေ ဖြစ်ကြောင်း ရေးသားထားတာပါ။

စစ်ကောင်စီ ထောက်ခံသူတွေရဲ့ အွန်လိုင်းပေါ်က စွပ်စွဲရေးသားချက်တွေဟာ မှန်ကန်မှုမရှိဘဲ စစ်ကောင်စီက ပရဟိတသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးဖို့ ကြိုးစားတာသာဖြစ်တယ်လို့ ရခိုင်ပရဟိတအဖွဲ့တခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူတို့ ဖမ်းချင်တဲ့လူကို ဖမ်းမရတော့ သူတို့စွပ်စွဲချင်သလို စွပ်စွဲရေးသားမှာပဲလေ။ အမှန်တကယ် မူးယစ်ဆေး လုပ်စားနေရင် ကြိုက်တဲ့အချိန်မှာ သွားပြီးရှာဖွေနိုင်တယ်။ စစ်ဆေးနိုင်တာပဲ။”

ကိုအမ်းသားကြီးဟာ ရခိုင်ပြည်နယ်အတွင်း ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပရဟိတသမားတယောက်ဖြစ်ပြီး လူမျိုးဘာသာမရွေး အကူအညီပေးနေသူတယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က မြောက်ဦး ပေါင်းတုတ်ရွာသစ်နေ ရိုဟင်ဂျာလူငယ်နှစ်ယောက် မိုင်းထိပြီး မင်းပြားဆေးရုံမှာ ဆေးကုသမှု ခံယူရာမှာလည်း ကိုအမ်းသားကြီးကိုယ်တိုင် မင်းပြားဆေးရုံကို သွားရောက် အကူအညီပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုအမ်းသားကြီး အပါအဝင် ကားပေါ်မှာ လိုက်ပါလာသူတွေ တိမ်းရှောင်နေကြပြီး မြန်မာစစ်တပ်ဘက်ကလည်း မြောက်ဦးမြို့ထဲမှာ ရှာဖွေစုံစမ်းနေတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း မြောက်ဦးမြို့မှာနေထိုင်တဲ့ ရပ်အဆိုတော် ကိုကျော်ဇံဝေ (ခေါ်) ရင်ဆို့ကို NUG၊ CRPH နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013