DVB Logo
Home
မြန်မာသတင်း
အာဏာရှင်အဆုံးသတ်နိဂုံးအစီအစဉ်မှ နွေဦးရိပ်မွန်မြေကွက် ၁၂ ကွက်သာကျန်
DVB
·
September 17, 2022
အာဏာရှင်အဆုံးသတ်နိဂုံးအစီအစဉ်မှ နွေဦးရိပ်မွန်မြေကွက် ၁၂ ကွက်သာကျန်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ် နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာရဲ့ မြေကွက်တွေအားလုံးဟာ အချိန် ၂ ရက်မပြည့်ခင်မှာ ရောင်းကုန်သွားခဲ့ပြီး လက်ရှိမှာတော့ နွေဦးရိပ်မွန်-မင်းဓမ္မ မြေကွက်တွေဟာလည်း ၁၂ ကွက်သာ ကျန်ရှိတော့တယ်လို့ ထုတ်ပြန်ပါတယ်။

“Spring Yangon ရဲ့ နွေဦးရိပ်မွန် အိမ်ရာအတွက် စုစုပေါင်း မြေကွက် ၁၀၀ ရောင်းချခဲ့ရာမှာ ၁၂ ကွက်သာ ကျန်ရှိပါတော့တယ်။ EOD ပရောဂျက်မှ မဟုတ်ပါဘူး၊ တော်လှန်ရေး ရန်ပုံငွေ တကျပ်တိုင်းဟာ အာဏာနိဂုံးကို ချီတက်တဲ့ ခြေလှမ်းတလှမ်းပါပဲ။ အတူတကွ ချီတက်နေကြတဲ့ လူထုကို လေးစားစွာ ဦးညွတ်ဂုဏ်ပြုပါတယ်။ Spring Yangon Investment ရဲ့ အဦးဆုံး စီမံကိန်းတွေ အောင်မြင်ခါနီး အချိန်မှာ -

အောင်အတိတ် အောင်နမိတ်နဲ့ ရွှေမန္တလေးရဲ့ “ပြည်တော်ဝင် စီမံကိန်း” ဟာ ဘယ်လိုများ ဖြစ်မလဲ။ Spring Mandalay Investment မှာရော ဘယ်လို အစီအစဉ်တွေ ပါဝင်မလဲ ဆိုတာ မကြာမီ သိရပါတော့မယ်။”

NUG အစိုးရဟာ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ်ရဲ့ နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတို့ကို စက်တင်ဘာ ၁ ရက်ကမှ စတင်ရောင်းချခဲ့တာပါ။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲ ပေးသွင်းရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့ အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့အညီ စိတ်ကြိုက် ဆောက်ယူရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

နွေဦးရိပ်မွန် စီမံကိန်းကတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှာ တည်ရှိမှာဖြစ်ပြီး မျက်နှာချင်းဆိုင်မှာ ဝိတိုရိယဆေးရုံနဲ့ တခြား စည်ကားတိုးတက်နေတဲ့ စီးပွားရေး အချက်အခြာ နေရာတွေနဲ့ လူနေရပ်ကွက်တွေ တည်ရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကားနဲ့ ၇ မိနစ်လောက်သာ ကွာ‌ဝေးမှာ ဖြစ်ပါတယ်။

နွေဦးမော်ကွန်းသစ် စီမံကိန်းကိုတော့ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းမပေါ် (ပါရမီလမ်းအကျော်) လက်ရှိ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းနေရာမှာ ဖော်ဆောင်မှာဖြစ်ကာ ဧက ၂၂၀ လောက် ကျယ် ဝန်းပြီး ငမိုးရိပ်ချောင်းဘေးမှာ တည်ရှိပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ နွေဦးရိပ်မွန်-မင်းဓမ္ဓမှာ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ သတ်မှတ်ထားပြီး နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာမှာတော့ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀၊ ပေ ၄၀ x ပေ ၆၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၃၂,၀၀၀ စီ အသီးသီးသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင် စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013