DVB Logo
Home
မြန်မာသတင်း
ဘယ်လာရုစ် အာဏာရှင် လူကာရှန်ကို နေပြည်တော် လာမည် 
DVB
·
June 30, 2026
Photo: MOI (ပုံဟောင်း)
Photo: MOI (ပုံဟောင်း)
Donate to DVB

ဘယ်လာရုစ် အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုဟာ မြန်မာနိုင်ငံကို မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ် လာရောက်မယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ဘယ်နေ့ ဘယ်အချိန်မှာ လာရောက်မယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။

ဥရောပက ကုန်းတွင်းပိတ် အာဏာရှင်နိုင်ငံလို့ တင်စားကြတဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်  နိုဝင်ဘာ ၂၇ ရက်ကလည်း တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေး၊ စက်မှုလုပ်ငန်းနဲ့ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးကြပါတယ်။

အခုတကြိမ် လူကာရှန်ကိုရဲ့ ခရီးစဉ်ကတော့ ဒုတိယအကြိမ်ဖြစ်ပြီး ဘာတွေ ဆွေးနွေးမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်၊ မတ်လနဲ့ ဇွန်လတွေမှာ ဘယ်လာရုစ်နိုင်ငံကို ၂ ကြိမ် သွားရောက်ခဲ့ဖူးပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ မြန်မာစစ်အာဏာရှင်ရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ၂၀၂၃ ခုနှစ်ထဲမှာ ဘယ်လာရုစ်မှာ တိုးချဲ့ ဖွင့်လှစ်ထားသလို ဘယ်လာရုစ်နိုင်ငံဟာ မြန်မာပြည်မှာ စစ်တပ် အာဏာသိမ်းမှုကို ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ အဆိုကို မထောက်ခံဘဲ ဆန့်ကျင်မဲပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ အရှေ့ဥရောပဒေသတွင်း ကုန်းတွင်းပိတ် နိုင်ငံတနိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ ၁၉၉၁ ခုနှစ်မတိုင်ခင်အထိ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုဟာလည်း နိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းက အုပ်ချုပ်နေတာဖြစ်ကာ ဒီနိုင်ငံကို ဥရောပရဲ့ “နောက်ဆုံးအာဏာရှင်နိုင်ငံ”လို့ သိကြသလို ဘယ်လာရုစ်အစိုးရဟာ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ၊ မီဒီယာတွေကို ပြင်းပြင်းထန်ထန် တင်းကျပ်တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013