DVB Logo
Home
ဆောင်းပါး
တယ်လီနောမြန်မာအရှုပ်တော်ပုံ- အာဏာရှင်ခေတ်မှာ ဒေတာထိန်းချုပ်မှုအတွက် ပြင်းထန်တဲ့ သတိပေးချက်
DVB
·
May 7, 2026
တယ်လီနောမြန်မာအရှုပ်တော်ပုံ- အာဏာရှင်ခေတ်မှာ ဒေတာထိန်းချုပ်မှုအတွက် ပြင်းထန်တဲ့ သတိပေးချက်
Donate to DVB

စောင့်ကြည့်ထောက်လှမ်းတာတွေ၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုတွေအကြောင်း ပြောကြရင် လူတွေက လျှို့ဝှက်အစိုးရအေဂျင်စီတွေ၊ အဆင့်မြင့်သူလျှိုဆော့ဖ်ဝဲတွေ၊ ဒါမှမဟုတ် Big Tech ကုမ္ပဏီကြီးတွေရဲ့ ရှုပ်ထွေးတဲ့ နည်းပညာတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ကိုယ်ရေးအချက်အလက် (ဒေတာ) တွေကို ထိန်းချုပ်ထားတာ ဘယ်လောက် အန္တရာယ်ကြီးပြီး ဆိုးရွားသလဲဆိုတာကို ပြသနေတဲ့ အထင်ရှားဆုံး ခေတ်သစ်သာဓကတခု ရှိခဲ့ပါတယ်။ သာမန်နေရာလေးတခုကနေ ဒီအဖြစ်အပျက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။  အဲဒါကတော့ တယ်လီနော မြန်မာအရှုပ်တော်ပုံပဲ ဖြစ်ပါတယ်။

မတည်ငြိမ်သေးတဲ့ ဒီမိုကရေစီနိုင်ငံတခုမှာ “လုပ်ထုံးလုပ်နည်းအတိုင်း စီးပွားရေးလုပ်နေတဲ့” နော်ဝေ အစိုးရကျောထောက်နောက်ခံပြု ဆက်သွယ်ရေးကုမ္ပဏီတခုပါပဲ။ မြန်မာနိုင်ငံက သုံးစွဲသူတွေအပေါ် ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့မှုနဲ့ တယ်လီနောကို နော်ဝေနိုင်ငံမှာ သမိုင်းဝင် စုပေါင်းတရားစွဲဆိုမှုတခု မကြာသေးခင်ကမှ စတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာဟာ ကုမ္ပဏီတခုရဲ့ ကျရှုံးမှုဇာတ်လမ်းသက်သက် မဟုတ်ပါဘူး။ အာဏာရှင်စနစ် ကြီးထွားလာချိန်မှာ ကော်ပိုရေးရှင်းကြီးတွေက အလွန်အရေးကြီးတဲ့ သုံးစွဲသူ ဒေတာတွေကို ကိုင်ဆောင်ထားရင် ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကို သတိပေးနေတဲ့ ဇာတ်လမ်းတပုဒ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်ဘဝရဲ့ အခြေခံအဆောက်အအုံတွေဟာ လက်နက်တခုအဖြစ် ဘယ်လောက်မြန်မြန် ပြောင်းလဲသွားနိုင်သလဲ ဆိုတာကိုလည်း ပြသနေပါတယ်။

မြန်မာနိုင်ငံက တယ်လီနော - ဆွဲဆောင်မှုရှိတဲ့ ဈေးကွက်ချဲ့ထွင်မှု နောက်ကွယ်က အန္တရာယ်များတဲ့ လက်တွေ့ဘဝ

နော်ဝေ ဆက်သွယ်ရေးလုပ်ငန်းကြီး တယ်လီနောဟာ ဒီမိုကရေစီ အကူးအပြောင်းကာလ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ တံခါးဖွင့်စနစ်ကို ကျင့်သုံးလာခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး၊ ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့လာပါတယ်။ ဒါကို တိုးတက်မှုရဲ့ သင်္ကေတတခုအဖြစ် မြင်ခဲ့ကြပါတယ်။ တယ်လီနောကလည်း သုံးစွဲသူတွေ ယုံကြည်စိတ်ချနိုင်တဲ့ “ကျင့်ဝတ်စောင့်ထိန်းပြီး တာဝန်ယူမှုရှိတဲ့” ကုမ္ပဏီအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ပြီး ဆွဲဆောင်မှုရှိရှိ ဈေးကွက်ချဲ့ထွင်ခဲ့ပါတယ်။ မိုဘိုင်းဆက်သွယ်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး သိပ်မကြာခင်မှာပဲ တယ်လီနောဟာ သုံးစွဲသူ သန်းနဲ့ချီ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေအတွက်တော့ ဒါဟာ ဖုန်းလိုင်းပိုကောင်းလာရုံသက်သက် မဟုတ်ခဲ့ပါဘူး။ ပညာရေး၊ သတင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေနဲ့ လူမှုရေးချိတ်ဆက်မှုတွေကို ပိုပြီး လွယ်လွယ်ကူကူ ရယူလာနိုင်တာလည်း ဖြစ်ပါတယ်။ အချိန်အကြာကြီး အထီးကျန်ဖြစ်နေခဲ့တဲ့ နိုင်ငံတခုဟာ ရုတ်တရက်ဆိုသလို ဒစ်ဂျစ်တယ်ကွန်ရက်နဲ့ ချိတ်ဆက်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီချိတ်ဆက်မှုတွေနဲ့အတူ သိပ်မသိသာတဲ့ အရာတခုလည်း ပါလာပါတယ်။ အဲဒါကတော့ ကြီးမားလှတဲ့ ဒေတာစုဆောင်းမှုပဲ ဖြစ်ပါတယ်။

တယ်လီနောလို နည်းပညာကုမ္ပဏီတွေဟာ အရေးအကြီးဆုံးနဲ့ ထိလွယ်ရှလွယ်အဖြစ်ဆုံး ဒေတာတွေကို ကိုင်ဆောင်ထားပါတယ်။ သုံးစွဲသူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အချက်အလက်၊ ဆင်းမ်ကတ် မှတ်ပုံတင်မှတ်တမ်း၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ မက်တာဒေတာ (metadata)၊ တည်နေရာ ခြေရာခံမှု အသေးစိတ်နဲ့ ရင်းနှီးသူတွေရဲ့ ဖုန်းနံပါတ် စတာတွေကို သိမ်းဆည်းရရှိထားပါတယ်။ မက်ဆေ့ချ်တွေကို ဝင်မဖတ်ရင်တောင်မှ၊ ဆက်သွယ်ရေးဒေတာတွေကို ကြည့်ရုံနဲ့ လူတယောက်ဟာ ဘယ်သူနဲ့ စကားပြောတယ်၊ ဘယ်တွေ သွားတယ်၊ ဘယ်ကွန်ရက်တွေမှာ ပါဝင်တယ်၊ သူ့သူငယ်ချင်းနဲ့ မိသားစုတွေ ဘယ်မှာ နေတယ်၊ သူ့ရဲ့ နေ့စဉ်ဘဝ အလေ့အထတွေက ဘယ်လိုရှိတယ် ဆိုတာကို ဖော်ထုတ်နိုင်ပါတယ်။

တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတောင်၊ အခုလို အလွန်အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေကို ကော်ပိုရိတ်ကုမ္ပဏီတွေက ထိန်းချုပ်ထားတာဟာ စိုးရိမ်စရာ ဖြစ်နေပါပြီ။ မတည်ငြိမ်သေးတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့၊ အထူးသဖြင့် အာဏာရှင်စနစ်တွေအောက်မှာ ဆိုရင်တော့ ဒါဟာ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အာဏာသိမ်းတဲ့အခါ ဒေတာထိန်းချုပ်ထားမှုက သေရေး ရှင်ရေး ဖြစ်လာတယ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်ဟာ အာဏာသိမ်းခဲ့ပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းမှုတွေ စတင်ခဲ့ပါတယ်။ ရုတ်တရက် ဆိုသလိုပဲ၊ ၇ နှစ်နီးပါးကြာ မိသားစုတွေနဲ့ လူမှုကွန်ရက်တွေကို ချိတ်ဆက်ပေးခဲ့တဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံကြီးဟာ စောင့်ကြည့်ထောက်လှမ်းရေးအတွက် ရွှေတွင်းကြီးတခု ဖြစ်လာခဲ့ပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ ဆင်းမ်ကတ်မှတ်ပုံတင်မှုတွေကို ခြေရာခံနိုင်ရင် ဆန္ဒပြပွဲတွေကို ဘယ်သူတွေ စီစဉ်နေသလဲဆိုတာ ခန့်မှန်းနေစရာ မလိုတော့ပါဘူး။ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို စောင့်ကြည့်နိုင်ရင် သတင်းပေး ဒလန်တွေ မလိုတော့ပါဘူး။ တက်ကြွလှုပ်ရှားသူတွေ ဘယ်မှာနေပြီး ဘယ်တွေ သွားနေသလဲဆိုတာကို အတိအကျ ထောက်ပြနိုင်ရင် ရပ်ကွက်တွေထဲ ရမ်းသန်းရှာဖွေနေစရာ မလိုတော့ပါဘူး။ ဆက်သွယ်ရေးဒေတာတွေဟာ လူ့အဖွဲ့အစည်းရဲ့ တော်လှန်ရေးမြေပုံတခု ဖြစ်လာပါတယ်။ ဒီနေရာမှာ အဓိက သင်ခန်းစာကတော့ ဒေတာတွေကို ပိုင်ဆိုင်ထားတဲ့ ကော်ပိုရေးရှင်းတွေဟာ ဖိနှိပ်တဲ့ အစိုးရတွေ ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်မဲ့သူတွေဆီကို အချိန်မရွေး လွှဲပြောင်းပေးအပ်နိုင်တယ် ဆိုတာပါပဲ။

ဒီအချက်ဟာ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဇင်အတွက် သိပ်ကိုရက်စက်တဲ့ သက်သေတခု ဖြစ်သွားပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဟစ်ဟော့အဆိုတော် ဇေယျာသော်ဟာ သူ့ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ အဆက်အသွယ်တွေနဲ့ တည်နေရာဒေတာတွေကို တယ်လီနောကနေ အကြမ်းဖက်စစ်ကောင်စီဆီ ပေးအပ်လိုက်ပြီးတဲ့ နောက်၊ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးကွပ်မျက်ခံခဲ့ရပါတယ်။ နောက်ထပ် မြန်မာ့လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ကိုရဲကလည်း တယ်လီနောကသာ သူ့ရဲ့ဒေတာတွေကို စစ်ကောင်စီဆီ ပေးလိုက်ရင် အန္တရာယ်ကြုံရမယ်ဆိုတာ သိလို့ ဒေတာတွေကို ဖျက်ပေးဖို့ တယ်လီနောကို စာရေးတောင်းဆိုခဲ့ပါတယ်။ ဒါကို တယ်လီနောက ငြင်းပယ်ခဲ့ပါတယ်။ မသဇင်နဲ့ ကိုရဲတို့  ၂ ယောက် စလုံးဟာ ဧပြီလ ၈ ရက်နေ့က နော်ဝေနိုင်ငံမှာ စွဲဆိုခဲ့တဲ့ အစုလိုက် တရားစွဲဆိုမှုမှာ တရားလိုတွေ ဖြစ်ကြပါတယ်။

အာဏာရှင်စနစ်ဟာ ကိရိယာ/နည်းလမ်းအသစ်တွေကို အမြဲတမ်း လိုအပ်နေတာ မဟုတ်ပါဘူး။ ရှိပြီးသား ကိရိယာ/နည်းလမ်းတွေကို ရယူသုံးစွဲခွင့်ရဖို့ပဲ လိုပါတယ်။ ကော်ပိုရေးရှင်းတွေက ဒေတာတွေကို ထိန်းချုပ်ထားတဲ့အခါ၊ သူတို့ဟာ (တခါတလေ မရည်ရွယ်ဘဲ၊ တခါတလေ ဆန္ဒအလျောက်) အာဏာရှင်တွေရဲ့ ဖိနှိပ်မှုမှာ မိတ်ဖက်တွေ ဖြစ်သွားနိုင်ပါတယ်။

ကော်ပိုရေးရှင်းတွေ “ကြားနေ” တယ်ဆိုတဲ့ ဒဏ္ဍာရီ

Big Tech တွေနဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေက သူတို့ကိုယ်သူတို့ ကြားနေအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြပါတယ်။ ဝန်ဆောင်မှုတွေပဲ ပေးတာပါ၊ နိုင်ငံရေးမလုပ်ပါဘူးလို့ ဆိုကြပါတယ်။ လူတွေကို ချိတ်ဆက်ပေးရုံပါ၊ မထိန်းချုပ်ပါဘူးလို့ ဆိုကြပါတယ်။ သူတို့လုပ်ကိုင်နေတဲ့ နိုင်ငံတွေရဲ့ ဥပဒေတွေကိုပဲ လိုက်နာတာပါလို့ အခိုင်အမာ ပြောလေ့ရှိပါတယ်။

ဒါပေမဲ့ တယ်လီနော မြန်မာအမှုကတော့ ကော်ပိုရေးရှင်းတွေ “ကြားနေတယ်” ဆိုတဲ့ ဒဏ္ဍာရီဟာ အလွန်ဆိုးရွားတဲ့ အလိမ်အညာတခုအဖြစ် ဖော်ထုတ်ပြသလိုက်ပါတယ်။ ဘယ်သူတွေ လွတ်လပ်စွာ ရှင်သန်နိုင်မယ်၊ ဘယ်သူတွေ ထောင်ထဲ ရောက်သွားမယ် ဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေတာတွေကို ကိုင်ဆောင်ထားချိန်မှာ ဘာကြားနေမှုမှ မရှိနိုင်ပါဘူး။

ဆက်သွယ်ရေး အခြေခံအဆောက်အအုံကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတခုဟာ စီးပွားရေးလုပ်နေရုံ သက်သက်မဟုတ်ပါဘူး။ သူတို့ဟာ အာဏာကို ပုံဖော်နေတာပါ။ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ (အဲဒီလို မကြာခဏ ဖြစ်လေ့ရှိပါတယ်) သူတို့ရဲ့ ‘ကြားနေ’စနစ်တွေဟာ ဖိနှိပ်ရေးကိရိယာတွေအဖြစ် ရုတ်တရက် ပြောင်းလဲသွားနိုင်ပါတယ်။ ဟန်ဂေရီနိုင်ငံမှာ ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်ရာမှာ နည်းပညာကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍ ဒါမှမဟုတ် ယူဂန်ဒါနိုင်ငံမှာ နိုင်ငံရေးအရ ထိန်းချုပ်ဖို့ အင်တာနက်ဖြတ်တောက်မှုတွေကို ပိုသုံးလာရာမှာ ကော်ပိုရေးရှင်းတွေ ဘယ်လို ပူးပေါင်းပါဝင်နေကြသလဲ ဆိုတာကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

နားခါးတဲ့ အမှန်တရားကတော့ခေတ်သစ် အာဏာရှင်အစိုးရတွေဟာ စောင့်ကြည့်ထောက်လှမ်းရေး ယန္တရားတွေကို အစကနေ တည်ဆောက်ဖို့ အမြဲတမ်း မလိုအပ်ပါဘူး။ သူတို့က ပြင်ပကို အပ်နှံလို့ရတယ်။ ဒါမှမဟုတ် အမွေဆက်ခံလို့ရပါတယ်။ ဒါမှမဟုတ် ဝယ်ယူလို့ရပါတယ်။ ကော်ပိုရိတ်တွေက ကျနော်တို့ရဲ့ ဒေတာတွေကို ထိန်းချုပ်ထားခြင်းက အဲဒီအရာကို လွယ်ကူသွားစေပါတယ်။

ကြီးထွားလာတဲ့ အာဏာရှင်စနစ်ကြောင့် လူတိုင်းအတွက် ပြဿနာဖြစ်လာစေတယ်

မြန်မာနိုင်ငံဟာ သီးခြားဖြစ်ရပ်တခု မဟုတ်ပါဘူး။ ကမ္ဘာတဝန်မှာ စစ်အာဏာသိမ်းမှုတွေ၊ ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်မှုတွေ၊ အမျိုးသားရေးဝါဒီတွေရဲ့ နှိမ်နင်းမှုတွေနဲ့ လုံခြုံရေးကို အကြောင်းပြပြီး အစိုးရက စောင့်ကြည့်ထောက်လှမ်းရေး အာဏာတွေကို ချဲ့ထွင်လာ နေပါတယ်။ အဲဒီကနေတဆင့် အာဏာရှင်စနစ် ကြီးထွားလာနေပါတယ်။

ဒီလိုပတ်ဝန်းကျင်တွေမှာ ကိုယ်ရေးကိုယ်တာဒေတာတွေဟာ လက်နက်တခု၊ ဖိနှိပ်ရေးကိရိယာတခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နေရာဒေသမရွေး ဒါမျိုး အဖြစ်အပျက်တွေ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဝင်ရောက်နေထိုင်သူတွေသာမက အမေရိကန်နိုင်ငံသားတွေကိုပါ စောင့်ကြည့်ဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အာဏာပိုင်တွေ (ICE) ဟာ Clearview AI နဲ့ Palantir လို နည်းပညာကုမ္ပဏီတွေက ပံ့ပိုးပေးတဲ့ ကျယ်ပြန့်တဲ့ စောင့်ကြည့်ထောက်လှမ်းရေး ကိရိယာကွန်ရက်ကို ချဲ့ထွင်အသုံးပြုနေကြပါတယ်။ ဥရောပသမဂ္ဂ (EU)ဆိုရင်လည်း ဒစ်ဂျစ်တယ် အာဏာရှင်ဆန်ဆန် စောင့်ကြည့်ထောက်လှမ်းမှုတွေနဲ့ နိုင်ငံရပ်ခြားကို နှင်ထုတ်ရေးယန္တရားတခု တည်ဆောက်ဖို့ Big Tech တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ 

တည်နေရာဒေတာက ဆန္ဒပြပွဲကို ဘယ်သူသွားခဲ့သလဲ ဆိုတာကို ဖော်ပြနိုင်ပါတယ်။ မက်ဆေ့ချ် မက်တာဒေတာက တက်ကြွလှုပ်ရှားသူတွေရဲ့ ကွန်ရက်တွေကို ဖော်ထုတ်နိုင်ပါတယ်။ ဖုန်းမှတ်တမ်းတွေက သတင်းထောက်တွေရဲ့ သတင်းရင်းမြစ်တွေကို ဖွင့်ချနိုင်ပါတယ်။ လူမှုကွန်ရက်ဒေတာက နိုင်ငံရေးအတိုက်အခံတွေကို ခွဲခြားသိရှိနိုင်ပါတယ်။ မျက်နှာမှတ်စနစ် (Facial recognition) က အများပြည်သူသွားလာနေတဲ့ လမ်းမတွေကို ဒစ်ဂျစ်တယ် စစ်ဆေးရေးဂိတ်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။

အဲဒီဒေတာတွေ ရှိနေပြီဆိုတာနဲ့ ‘ငါတို့ကို အလွဲသုံးစား လုပ်ခံရမလား’ ဆိုတာ မေးရမဲ့ မေးခွန်း မဟုတ်တော့ပါဘူး။ ‘ဘယ်အချိန်မှာ၊ ဘယ်သူက ငါတို့ကို အလွဲသုံးစား လုပ်မလဲ’ ဆိုတာပဲ မေးရတော့မှာ ဖြစ်ပါတယ်။ အခုခေတ်မှာ ဒေတာဆိုတာ အာဏာဖြစ်ပြီး၊ အဲဒီအာဏာကို ကန့်သတ်ရပါတော့မယ်။

တယ်လီနော မြန်မာ အရှုပ်တော်ပုံဟာ ကော်ပိုရိတ် ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုတခုထက် အများကြီး ပိုပါတယ်။ အခုခေတ်မှာ ကုမ္ပဏီကြီးတွေဟာ အစိုးရတရပ်လိုမျိုး အာဏာတွေ အများကြီး ရနေပါပြီ။ ဒါပေမဲ့ အဲဒီကုမ္ပဏီတွေကို ပြည်သူတွေက မဲပေး ရွေးချယ်ထားတာလည်း မဟုတ်သလို ပြည်သူကို တာဝန်ခံစရာလည်း မလိုကြပါဘူး။ ဒါ့အပြင် သူတို့ ဘာတွေ လုပ်နေလဲဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ချပြလေ့မရှိပါဘူး။ ဒီလိုမျိုး ကုမ္ပဏီတွေလက်ထဲကို အာဏာတွေ အလွယ်တကူ ရောက်သွားတာဟာ ကျနော်တို့အားလုံး သတိထားရမဲ့ အန္တရာယ်တခု ဖြစ်လာနေပါတယ်။

ဆက်သွယ်ရေးနဲ့ နည်းပညာ ကော်ပိုရေးရှင်းတွေဟာ လူ့အဖွဲ့အစည်းရဲ့ အရေးအကြီးဆုံး သတင်းအချက်အလက်တွေကို ထိန်းချုပ်စောင့်ကြည့်သူတွေ ဖြစ်လာကြပါပြီ။ သူတို့ဟာ လိုအပ်တာထက် ပိုများတဲ့ ဒေတာတွေကို လိုအပ်တာထက် ပိုကြာကြာ သိမ်းဆည်းထားလေ့ ရှိကြပါတယ်။ ဒါမျိုးတွေကို အားနည်းတဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေအောက်မှာ လုပ်ကိုင်နေကြပါတယ်။

နိုင်ငံရေးအကျပ်အတည်းတွေ ပေါက်ကွဲထွက်လာတဲ့အခါ၊ အဲဒီဒေတာတွေဟာ တွန်းလှန်ရခက်တဲ့ ပစ်မှတ်တခုနဲ့ လက်ငင်းအသုံးပြုနိုင်တဲ့ ထိန်းချုပ်ရေးကိရိယာတခု ဖြစ်လာပါတယ်။

ကော်ပိုရိတ်တွေရဲ့ ဒေတာစုဆောင်းမှု အခြေခံအဆောက်အအုံကို ဖိနှိပ်ရေးအတွက် အသုံးပြုနေတဲ့ ‘တယ်လီနော မြန်မာဇာတ်လမ်း’ ပုံစံကွဲတွေဟာ ကမ္ဘာတဝန်းမှာ ဖြစ်ပေါ်နေပါပြီ။ ဒါမှမဟုတ် ဖြစ်ပေါ်ဖို့ အတော်လေးနီးစပ်နေပါပြီ။ ဒါကို ကျနော်တို့ ရပ်တန့်ချင်တယ်ဆိုရင်၊ စနစ်တခုလုံးကို ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကုမ္ပဏီတွေက ထိန်းချုပ်နေတာမျိုး ခွင့်မပြုသင့်တော့ပါဘူး။ ကိုယ့်ဒေတာကို ကိုယ်တိုင်ပဲ အပြည့်အဝ ထိန်းချုပ်ခွင့်ရအောင် အကာအကွယ်ပေးမဲ့ ဥပဒေတွေ လိုအပ်နေပါပြီ။ ဒီလို ခိုင်မာတဲ့ဥပဒေတွေကို ကိုယ့်နိုင်ငံထဲမှာသာမကဘဲ နိုင်ငံတကာအဆင့်အထိပါ ပြဋ္ဌာန်းကျင့်သုံးဖို့ လိုအပ်လာပါပြီ။ ပိုတိတိကျကျ ပြောရရင်၊ ဒေတာသိမ်းဆည်းထားမှုအပေါ် ပိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ တာဝန်ခံမှုတွေ လိုအပ်လာပါပြီ။ ဒါ့အပြင် ကုမ္ပဏီတွေအနေနဲ့ အာဏာရှင်အစိုးရတွေလက်ထဲ အလွယ်တကူ ကူးပြောင်းသွားနိုင်တဲ့ ဒေတာတွေကို (တနည်းအားဖြင့် အာဏာကို) စုဆောင်းသိမ်းဆည်းတာမျိုး မလုပ်နိုင်အောင် တားဆီးပေးမဲ့ အာဏာတည်တဲ့ အကာအကွယ်တွေ လိုအပ်ပါတယ်။ နည်းပညာကုမ္ပဏီတွေရဲ့ စွမ်းအားကို ထိန်းချုပ်ကန့်သတ်ရပါတော့မယ်။

တယ်လီနော မြန်မာ အရှုပ်တော်ပုံရဲ့ အဖြစ်ဆိုးက လူအများအပြား အသိအမှတ်ပြုဖို့ ငြင်းဆန်နေတဲ့ အရာတခုကို ဖော်ထုတ်ပြသလိုက်တာ ဖြစ်ပါတယ်။ အဲဒါကတော့ ဒစ်ဂျစ်တယ်ခေတ်မှာ စောင့်ကြည့်ထောက်လှမ်းရေးဆိုတာ ဟိုးအဝေးကြီးက ခြိမ်းခြောက်မှုတခု မဟုတ်ဘူးဆိုတာပါပဲ။ အဲဒါက နေ့စဉ်ဘဝရဲ့ အခြေခံအဆောက်အအုံထဲမှာကို တည်ဆောက်ထားပြီးသား ဖြစ်နေပါပြီ။ အဲဒီ အခြေခံအဆောက်အအုံကို ကော်ပိုရေးရှင်းတွေက ထိန်းချုပ်ထားတဲ့အခါ၊ သူတို့ဟာ ဆန္ဒရှိရှိ၊ မရှိရှိ နိုင်ငံရေးဇာတ်ဆောင်တွေ ဖြစ်လာကြပါတယ်။

ကမ္ဘာကြီးအနေနဲ့ အာရုံစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရတရပ်ဟာ အာဏာရှင်အဖြစ် ပြောင်းလဲသွားတဲ့အခါ၊ ဖိနှိပ်ရေး ကိရိယာသစ်တွေ တည်ဆောက်ဖို့ လိုအပ်ချင်မှ လိုအပ်တော့မှာမို့လို့ပါ။ သူတို့အနေနဲ့  database ကို ဖွင့်လိုက်ရုံနဲ့တင် ရနေပါပြီ။

ဂျိုးဇက် ဝိုင်းလ်ဒ်-ရမ်ဆင်း/ အိန့်ဇန်း မားကွက်ဇ်

Ref: SOMO 

(နယ်သာလန်အခြေစိုက် စုံစမ်းထောက်လှမ်းသတင်းဌာန SOMO ဝက်ဆိုက်တွင်  Joseph Wilde-Ramsing နဲ့ Aintzane Márquez တို့ ရေးသားထားသည့် “The Telenor Myanmar scandal: a stark warning for data control in authoritarian times” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013