
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကို စစ်တပ်က ဇူလိုင် ၃ ရက်မှာ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက်သေဆုံးပြီး ကလေးတွေအပါအဝင် ၅ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
နေ့လယ်လောက်မှာ ဂျက်တိုက်လေယာဉ် ၃ စင်း၊ Y12 ၁ စင်းတို့နဲ့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းက ဝါးနက်ရုံကျေးရွာနဲ့ ပတ်ဝန်းကျင်ကို ဗုံးကြဲခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဝါးနက်ရုံ(မြို)ရွာပါ၊ လေကြောင်းတိုက်ခိုက်ခံရတာက။ အမျိုးသမီးကြီးတယောက်သေတယ်။ ကလေးတွေအပါ ၅ ယောက်တော့ ဒဏ်ရာရသွားတယ်” လို့ပြောပါတယ်။
ဗုံးဒဏ်ကြောင့် ဘူးသီးတောင်မြို့နယ်၊ တရဂူ (ခမီ) ရွာက အသက် ၆၄ နှစ်အရွယ် ဒေါ်ယော်သာမေ သေဆုံးခဲ့ပြီး တရဂူ(ခမီ)ရွာက အသက် ၃ နှစ်အရွယ် မောင်နေဇော်လင်း နဲ့ မောင်အောင်အောင်နိုင် အသ်က ၁၈ နှစ်အရွယ် မစန္ဒာမေ၊ ၂၃ နှစ်အရွယ် ကိုမောင်လှကျော် နဲ့ ဆင်ဖြူတောင်ရွာက ၄၆ နှစ်အရွယ် ဦးကျော်သာတို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကလေးတွေလည်း ဉီးခေါင်းကို ဗုံးစမှန်တယ်။ လူကြီးတွေလည်း ဒဏ်ရာ တွေက ပြင်းထန်တော့ အခုတော့ သူတို့အားလုံးကို အရေးပေါ်ဆေးကုသထားတယ်” လို့ ပြောပါတယ်။
ဗုံးအလုံးရေအများကြီး ကြဲချခဲ့တာလို့လည်း သိရပါတယ်။
ဇူလိုင် ၁ ရက်ကလည်း ဘူးသီးတောင်မြို့နယ်က စစ်တပ်ရဲ့ စကခ ၁၅ တပ်ရင်းဟောင်း အပါအဝင် နေရာတချို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မွတ်ဆလင်တချို့ ထိခိုက်ခဲ့ပါတယ်။
ဇူလိုင် ၂ ရက်မှာလည်း မောင်တောမြို့နယ်မြောက်ပိုင်းက ကြိမ်ချောင်းအကျဉ်းစခန်းကို ဗုံးကြဲလို့ စစ်သုံ့ပန်း ဗိုလ်ကြီး အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။











