DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ကို တတန်းစားတည်းဖော်ပြမှု NUG လက်မခံ
DVB
·
September 16, 2022
စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ကို တတန်းစားတည်းဖော်ပြမှု NUG လက်မခံ
Donate to DVB

တိုက်ပွဲကာလတွေအတွင်း စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်ဆိုတာ အမှန်ဖြစ်ပေမဲ့ Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို တတန်းစားတည်း ဖော်ပြတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တော်လှန်ရေးအင်အားစုတွေအပေါ် အထင်အမြင်လွဲမှားစေနိုင်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရက သဘောထား ထုတ်ပြန်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GCPEA)က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအပေါ် တိုက်ခိုက်မှုတွေနဲ့ စစ်ရေးအရ အသုံးပြုမှုတွေရဲ့ သက်ရောက်မှုများ အစီရင်ခံစာနဲ့ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့  Save the Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် NUG ပညာရေးဝန်ကြီးဌာန အပါဝင် ဝန်ကြီးဌာနက ၃ ခုက  သဘောထားထုတ်ပြန်လိုက်တာပါ။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း တိုင်းနဲ့ပြည်နယ် ၁၃ ခုက စာသင်ကျောင်းတွေဟာ အကြိမ်ပေါင်း ၁၉၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးချနေတယ်လို့ ပညာရေးကို တိုက်ခိုက်မှုများမှကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GCPEA)ရဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ် အစီရင်ခံစာမှာဖော်ပြပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက စာသင်ကျောင်းတွေမှာ တပ်စွဲတာ၊ အချုပ်ခန်းအဖြစ်အသုံးပြုတာ၊ လက်နက်တွေ သိုလှောင်သိမ်းဆည်းတာနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပြီး စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တက္ကသိုလ်တွေနဲ့ စာသင်ကျောင်းတွေကို စစ်ရေးအတွက် အသုံးချနေတာကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး NUG အစိုးရကတော့ တော်လှန်ရေးအင်အားစုတွေ ကျူးလွန်မှု ရှိနိုင်တာကို  အသိအမှတ်ပြုပေမဲ့ တာဝန်ခံမှုကို ဖော်ဆောင်နေတာကြောင့် မတူညီတဲ့  ကျူးလွန်မှု အတိုင်းအတာနှစ်ခုကို ထပ်တူပြုဖော်ပြခြင်းဟာ အင်မတန် အန္တရာယ်များပြီး၊ မြန်မာပြည်သူတွေရဲ့ အာဏာရှင်စနစ်ကို တွန်းလှန်မှု၊ ဖက်ဒရယ် ဒီမိုကရေစီအရေး တောင်းဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ သဘောပေါက်နားလည်မှုကို လွဲမှားစေသည့် ပုံဖော်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုကျူးလွန်တဲ့  ပညာရေးဆိုင်ရာ အခွင့်အရေး (Right to Education) ချိုးဖောက်မှုများ၊ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုတွေဟာ  စနစ်တကျ၊ ကျယ်ပြန့်ပြီး၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။ 

လက်တွေ့ မြေပြင်မှာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ စစ်ကောင်စီရဲ့လက်ချက်သာ ဖြစ်တယ်လို့ PDF၊ CDF အဖွဲ့တွေက တုံ့ပြန်ပြောဆိုပါတယ်။

တိုက်ပွဲကာလတွေအတွင်း စာသင်ကျောင်းတွေထိခိုက်တာ အမှန်ဖြစ်ပေမဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ၊ တပ်စွဲတာတွေကို စစ်ကောင်စီကသာ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်း၊ ခင်ဦးဒေသခံ၊ CDM ပညာရေးဝန်ထမ်းတယောက်ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂ဝ နဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ပညာရေးဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်တာအပြင် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပညာရေးဆိုင်ရာ အဆောက်အဦတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်တို့က အသုံးချခဲ့တဲ့ အဖြစ်အပျက်ပေါင်း အနည်းဆုံး အကြိမ်ရေ ၄၅ဝ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ GCPEA က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီ မေလကုန် ဇွန်လဆန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီတို့ဟာ ပညာရေးစနစ်တွေကို အပြိုင်အသက်သွင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ မြေပြင် စစ်ရေးမတည်ငြိမ်တာ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး ကျပ်တည်းနေတာတွေကြောင့် ပညာရေးစနစ် ၂ ခုစလုံးဟာ ထိရောက်မှုမရှိခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013