DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အိမ်ခြံမြေဈေး အမြင့်ဆုံးတက်ပြီးနောက် ဈေးပြန်မကျဘဲတန့်နေ
DVB
·
September 16, 2022
ရန်ကုန် အိမ်ခြံမြေဈေး အမြင့်ဆုံးတက်ပြီးနောက် ဈေးပြန်မကျဘဲတန့်နေ
Donate to DVB

ရန်ကုန်၊ အိမ်ခြံမြေဈေးကွက်မှာ အိမ်ခြံမြေဈေးနှုန်းတွေ အမြင့်ဆုံးတန်းအထိ ရောက်ရှိသွာပြီးနောက် တက်တဲ့နှုန်းက လတ်တလောမှာတော့ ဈေးတန့်သွားတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အိမ်ခြံမြေဈေးနှုန်းတွေ အခုလို ဈေးမြင့်လာရတဲ့ အဓိကအကြောင်းရင်းက ဈေးကွက်သဘောအရ အရောင်းအဝယ်ကောင်းလာလို့ သမားရိုးကျ ဈေးတက်လာတဲ့ လက္ခဏာမဟုတ်ဘဲ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတဲ့ အကျိုးဆက်နဲ့ တိုက်ရိုက် ချိတ်ဆက်နေတာပါ။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တယောက်က “ကျနော်တို့သုံးနေတဲ့ ငွေကြေးအပေါ်မှာ စဉ်းစားချက်က များသွားတာပေါ့ဗျာ။ ဈေးကတော့ အမြင့်ဆုံးတန်းဆီ ရောက်သွားတယ် ဆိုပါတော့။ ဒီတော့ ဈေးက တက်တဲ့နှုန်းတော့ ရပ်သွားပြီ။ ဒီတပတ်၊ ဆယ်ရက် အကြားမှာလေ။ အမြင့်ဆုံးတန်း ရောက်သွားတယ်ဆိုတော့ အခုအချိန်မှာ ဝယ်မယ့်သူကလည်း တော်တော်လေးတော့ ချင့်ချင့်ချိန်ချိန်လေး ဖြစ်သွားတယ်။ အထူးသဖြင့် ဝယ်ရောင်းသမားတွေပေါ့။ ဒါပေမဲ့ ဈေးကတော့ မကျဘူး။ ဈေးတက်တဲ့နှုန်းကတော့ နှေးသွားပြီ။ ဈေးက အရင်ကထက် ၂၅ ရာခိုင်နှုန်းလောက်အထိ ဝုန်းဒိုင်း ဝုန်းဒိုင်းနဲ့ တက်သွားတာ။ ဒါပေမဲ့ ရွှေနဲ့ ဒေါ်လာတက်တဲ့နှုန်းလောက်တော့ မများဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အိမ်ခြံမြေဈေးတွေ မြင့်တက်လာတဲ့အချိန်တိုင်းမှာ အိမ်ခြံမြေဈေးကွက်က ပူဖောင်း ပေါက်တော့မယ်လို့ ထင်ကြေးပေး ပြောဆိုမှုတွေကလည်း မကြာခဏဆိုသလို ရှိလာပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အိမ်ခြံမြေ ဈေးကွက်ကျွမ်းကျင်သူတယောက်က “ပူဖောင်းပေါက်သွားနိုင်သလားဆိုတော့ ဒါကလည်း အမြင့်ဆုံးတန်း ရောက်သွားလို့ရှိရင် ပြောကြတာပေါ့နော်။ အခုကတော့ ပုံမှန် အရောင်းအဝယ်ကောင်းလို့ ဈေးတက်ရတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ဈေးက ဆက်တက်နိုင်သေးလားဆိုရင် ငွေကြေးဖောင်းပွမှုက မထိန်းနိုင်ဘူး။ ငွေကြေးအပေါ် ယုံကြည်မှုက မထားနိုင်ဘူး ဆိုရင်တော့ ဈေးက ထပ်တက်ဦးမှာပဲ။ ဆိုတော့ ပူဖောင်းပေါက်ဖို့ဆိုတာက ဖြစ်နိုင်ပါ့မလား။ နောက်တချက်က အရွှေ့အပြောင်းတွေရှိတယ်။ အကွက်ရွှေ့တာပေါ့။ ဒီနိုင်ငံကနေ တခြားရွှေ့ကြတာ။ ဒီအကွက်ရွှေ့တာကြောင့်လည်း အရောင်းအဝယ်က သွက်သွက်လက်လက် ဖြစ်သွားတာမျိုး ရှိတယ်။ ဒါပေမဲ့ အခုအချိန်က တကယ်သုံးစွဲမယ့် end user ဆီတော့ မရောက်ဘူး။ ဘာလို့လဲဆို ရှိသင့်ရှိထိုက်တဲ့နှုန်းထက် ကျော်သွားတော့ end user တွေက မလိုက်နိုင်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုက လျော့နည်းလာတဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုးဟာ တစတစနဲ့ ကျဆင်းလို့ လာပါတယ်။ ဒီ့အပြင် စစ်ကောင်စီရဲ့ မဆင်မခြင် ငွေကြေးရိုက်ထုတ်မှုကြောင့်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း တစတစနဲ့ မြင့်တက်လာတာက စိုးရိမ်စရာ အခြေအနေပါ။

စီးပွားရေးပညာရှင်တွေရဲ့ အဆိုအရ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏနဲ့ ပြည်တွင်းမှာထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏတို့ဟာ အချိုးညီနေဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏကသာ များနေပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏက နည်းနေပါတယ်။ ဒါဆိုရင်ဖြင့် တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှု ရှိနေပြီလို့ သတ်မှတ်နိုင်ပါတယ်။

Johns Hopkins တက္ကသိုလ်က အခုနှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ ကမ္ဘာမှာ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးရှိနေတဲ့ နိုင်ငံပေါင်း ၂၀ စာရင်းကို ထုတ်ပြန်တဲ့နေရာမှာ မြန်မာက အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၂၇ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့အထက်မှာ တူရကီနိုင်ငံက ၁၃၄ ရာခိုင်နှုန်း၊ လက်ဘနွန်နိုင်ငံက ၁၃၆ ရာခိုင်နှုန်း၊ ကျူးဘားနိုင်ငံက ၁၅၈ ရာခိုင်နှုန်းနဲ့ ဇင်ဘာဘွေနိုင်ငံက ၄၇၇ ရာခိုင်နှုန်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013