DVB Logo
Home
Lead Story
နှစ် ၇၀ အလွန် အုပ်စုဖွဲ့မှုအသစ် (သို့မဟုတ်) ရှီကျင့်ဖျင်-ပူတင် မဟာမိတ်ဆက်ဆံရေး
DVB
·
September 16, 2022
နှစ် ၇၀ အလွန် အုပ်စုဖွဲ့မှုအသစ် (သို့မဟုတ်) ရှီကျင့်ဖျင်-ပူတင် မဟာမိတ်ဆက်ဆံရေး
Donate to DVB

( ၁ )

ဒုတိယကမ္ဘာစစ်ဟာ ရည်ရွယ်ချက်တူ စစ်မဟာမိတ်အုပ်စုနှစ်စုကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးတခုပါ။ Axis Powers လို့ခေါ်တဲ့ ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့ပါဝင်တဲ့ ဝင်ရိုးတန်းနိုင်ငံများက တဖက်။

ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ ဆိုဗီယက်၊ တရုတ်တို့ပါဝင်တဲ့ မဟာမိတ် Allies အုပ်စုက တဖက် အရှေ့အနောက် စစ်မျက်နှာမှာ တိုက်ခိုက်ကြတဲ့ စစ်ပွဲပါ။ နိုင်ငံပေါင်း ၁၀၀ ကျော်ပါဝင်ပြီး အရပ်သား သန်း ၇၀ နဲ့ သန်း ၈၀ ကြား သေဆုံးခဲ့ရပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး စစ်ပွဲတပွဲဖြစ်ခဲ့တယ်။ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ စတင်ပြီး ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ  ပြီးဆုံးခဲ့လို့ ၆  နှစ်ကြာ စစ်ပွဲကြီးလို့ ဆိုရမယ်။

အနောက်ဘက်စစ်မျက်နှာမှာ ဂျာမနီက ပိုလန်ကို စတင်ကျူးကျော်ရာကစလို့ ပြင်သစ်နဲ့ အင်္ဂလိပ်က စစ်ကြေညာရာက စစ်ပွဲကြီး စခဲ့တယ်။ ဂျာမနီဘက်မှာ မူဆိုလိုနီရဲ့ အီတလီက ပူးပေါင်းပါဝင်ပြီး အာရှနဲ့ ပစိဖိတ်ကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ ဂျပန်က နောက်ပိုင်းမှာ သုံးနိုင်ငံ မဟာမိတ်စာချုပ်နဲ့ စစ်ထဲပူးပေါင်းပါဝင်လာတယ်။ ဂျပန်က အမေရိကန်တွေရဲ့ ပစိဖိတ် ရေတပ်စစ်ဌာနချုပ် ပုလဲဆိပ်ကမ်းကို စတင်တိုက်ခိုက်တာနဲ့အတူ အမေရိကန်က စစ်ကြီးထဲ ဝင်ပါလာတယ်။ စစ်ရဲ့ အစောပိုင်းမှာ ဆိုဗီယက်နဲ့ ဟစ်တလာရဲ့ ဂျာမနီ ပူးပေါင်းရေးစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ ဟစ်တလာက ဆိုဗီယက်ကို ကျူးကျော်သိမ်းပိုက်လာတော့ ဆိုဗီယက်က မဟာမိတ်စစ်အုပ်စုထဲ ပါဝင်လာတယ်။

ပထမဆုံး အနောက်ဘက်စစ်မျက်နှာမှာ ဟစ်တလာရဲ့ ဂျာမနီ ကျဆုံးပါတယ်။ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းနဲ့အတူ ဘာလင်ဟာ မဟာမိတ်တို့ရဲ့လက်ထဲ ကျရောက်ခဲ့တယ်။ မန်ချူးရီးယားမှာ တရုတ်နဲ့ စစ်ဖြစ်နေခဲ့တဲ့ ဂျပန်ဟာ စစ်ရဲ့အစောပိုင်းမှာ အာရှကုန်းမြေ အစိတ်အပိုင်းတချို့ကို ရရှိခဲ့ပြီး ဂျာမနီ လက်နက်ချတဲ့အထိ လက်နက်မချသေး ရှိနေခဲ့ရာက ဟီရိုရှီးမားနဲ့ နဂါစကီ မြို့ကြီးနှစ်မြို့ နျူကလီးယားဗုံး ကြဲချခံရပြီးတဲ့နောက် ဂျပန်လက်နက်ချခဲ့လို့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကုလသမဂ္ဂလို အဖွဲ့အစည်းကြီး ပေါ်ပေါက်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၄၅ နှစ်တာကာလအတွင်း အယူအဆရေးရာ မတူညီတဲ့ အုပ်စုကြီးနှစ်ခုကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေခဲ့ပေမဲ့  နောက်ထပ် ကမ္ဘာစစ်ဖြစ်မယ့် အရေးကိုတော့ ရှောင်ရှားနိုင်ခဲ့တယ်။

ဒီနေ့အချိန်မှာ မတူညီတဲ့ အုပ်စုနှစ်စုကြား တင်းမာမှုဟာ တကျော့ပြန်လည်လာပြီး ဒုတိယကမ္ဘာစစ်မတိုင်မီက အနေအအထားမျိုးလို အုပ်စုဖွဲ့မှုတွေ မဟာမိတ် တည်ဆောက်မှုတွေကို အထင်းသား တွေ့မြင်နေရပါပြီ။

( ၂ )

ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကျရောက်ချိန်ကစလို့ နိုင်ငံပြင်ပကို မထွက်ဘဲနေခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဥဇဘက်ကစ္စတန်နိုင်ငံကို သူ့ရဲ့ ပထမဆုံး နိုင်ငံပြင်ပခရီးစဉ်အဖြစ် ရောက်ရှိလာပါတယ်။ ရှီရဲ့ နောက်ဆုံး နိုင်ငံတကာခရီးစဉ်က မြန်မာနိုင်ငံဖြစ်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီလမှာပါ။ မြန်မာနိုင်ငံက ရှီ ပြန်သွားချိန်ကစလို့ ဝူဟန်မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု အကြီးအကျယ်ဖြစ်ခဲ့ပြီး နောက်ပိုင်း တကမ္ဘာလုံးကို ကူးစက်သွားတာပါ။

မြန်မာနိုင်ငံခရီးစဉ်အပြီး ၂ နှစ်ကျော်အတွင်း ဥဇဘက်ကစ္စတန်ကို ရောက်ရှိလာတာဟာ အကြောင်းပေါင်းစုံသင့်လို့ နေပါတယ်။ ၂၂ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဒီခရီးစဉ်မှာ ရှီဟာ သူ့ရဲ့ဖြစ်တည်မှုနဲ့ အကျပ်အတည်းကာလ တရုတ်ရဲ့ ရပ်တည်ချက်ကို ပြသဖို့ အဓိက ရည်ရွယ်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၆ ရက်မှာ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် အမျိုးသားကွန်ဂရက် အစည်းအဝေး ရှိပါတယ်။ ဒီအစည်းအဝေးက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်သစ်တွေကို ရွေးချယ်မှာဖြစ်သလို ရှီရဲ့ လာမယ့် တတိယသက်တမ်း ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနေရာကို ဆက်လက်ရယူဖို့ အတည်ပြုမှာဖြစ်တယ်။ ဒီလိုအခိုက်အတန့်မှာ နိုင်ငံတကာထွက် မျက်နှာပြခြင်းဖြင့် သူ့ရဲ့ အရေးပါမှုကို ပြသမှာဖြစ်တယ်။

အလားတူပါပဲ။ ရှီကို လိုအပ်နေတာက ပူတင်ပါ။ ယူကရိန်းစစ်ပွဲကို အကြောင်းပြုလို့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှု ရင်ဆိုင်နေရတဲ့ ပူတင်အတွက် အဓိကမဟာမိတ် ရှီနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံရမှုဟာ အခက်အခဲကာလမှာ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံရတဲ့ အခြေအနေပါ။

အားလုံးသိကြတဲ့အတိုင်း ခုရက်ပိုင်းအတွင်း ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေ အထိနာနေပြီး အရှေ့မြောက်ပိုင်း ခါကိဗ်ကနေ ဆုတ်ခွါနေရတယ်။ မိတ်ဆွေကောင်းနဲ့ တွေ့ဖို့လိုအပ်နေတဲ့ ဒီလိုအချိန်ခါမျိုးမှာ (SCO) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်ဖွင့်ဖို့ စင်မြင့် ဖြစ်လာပါတယ်။

တကယ်တော့ ပူတင်က ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်မစွက်ဖက်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကပဲ တရုတ်ကိုသွားရောက်ပြီး ရှီနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တယ်။ ဆောင်းရာသီ အိုလံပစ်ပွဲကို ရောက်လာတဲ့ ပူတင်နဲ့ ရှီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် သဘောတူညီချက်မှာ နာမည်ကျော်သွားတဲ့ ဝေါဟာရက “အဆုံးအစမဲ့” (unlimit partnership) ပါ။ နှစ်နိုင်ငံကြား လက်ချင်းချိတ်ပြီး တယောက်ကိုတယောက် အရေးပေါ်ရင် အကန့်အသတ်မဲ့ ကူညီဖို့ ပူးပေါင်းဖို့လို့ ဆိုနိုင်တယ်။

တကယ်လည်း ရှန်ဟိုင်းက ပူတင်ပြန်သွားပြီး မကြာခင် ယူကရိန်းရဲ့ အချုပ်အခြာနယ်မြေထဲ ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်သွားတော့ တရုတ်ဘက်က ရုရှားရဲ့လုပ်ရပ်ကို ကျူးကျော်မှု (Invasion) လို့ မသုံးဘဲ ရုရှားတွေသုံးနှုန်းတဲ့အတိုင်း military operation လို့ပဲ သုံးနှုန်းပြီး ရုရှားဘက်က ရပ်တည်ပေးခဲ့တယ်။ စစ်ရေးအရ ပံ့ပိုးမှုတွေ မပြုလုပ်ပေမဲ့ တရုတ်ဟာ ရုရှားဆီက လောင်စာဆီတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူပြီး အားပေးခဲ့တယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဟာ စစ်ဖြစ်ချိန်ကစလို့ နှစ်ဆတက်သွားတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ၂၀၀၁ မှာ တရုတ်၊ ရုရှား၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျီကစ္စတန် စတဲ့ ဆိုဗီယက်ဟောင်းနိုင်ငံတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ဥရောပ-အာရှ (ယူရေးရှား) နိုင်ငံတွေကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ခဲ့တယ်။ ၂၀၁၇ မှာ ဒီအဖွဲ့ထဲ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပါဝင်လာပြီး ၈ နိုင်ငံ ဖြစ်လာတယ်။ လူဦးရေအရရော ဂျီဒီပီအရရော ကမ္ဘာမှာ အကြီးမားဆုံးအုပ်စုလို့ ဆိုရမယ်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆာမန်ခါမြို့မှာ ကျင်းပတဲ့ ဒီအစည်းအဝေးဟာ ခုလို အကျပ်အတည်း ကြုံနေတဲ့ ကမ္ဘာကြီးရဲ့ အခိုက်အတန့်မှာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ အထူးသဖြင့် ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ရှီကျင့်ဖျင်နဲ့ ပူတင်တို့ရဲ့ တွေ့ဆုံမှုအပြင် အိန္ဒိယခေါင်းဆောင် မိုဒီပါ တက်ရောက်လာမယ့်အတွက် ဖြစ်တယ်။ ရှီ အနေနဲ့ ဇီးရိုးကိုဗစ် မူဝါဒနဲ့ အိမ်ခြံမြေ စီမံကိန်းတွေကြောင့် ကျဆင်းသွားတဲ့ တရုတ်စီးပွားရေးကို ပြန်လည်ဦးမော့ဖို့ လိုနေသလို ပူတင်အနေနဲ့လည်း ယူကရိန်းစစ်ကြောင့် အနောက်အုပ်စုနဲ့ ခွါပြဲသွားချိန်မှာ တရုတ်ဟာ အဓိကအားကိုးရာ မဟာမိတ်ဖြစ်ကြောင်း ပြသကြမှာဖြစ်တယ်။

ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်း ၇၀ ကျော်အကြာမှာ အယူအဆမတူညီတဲ့ အုပ်စုနှစ်စုရဲ့ တင်းမာမှုနဲ့ အုပ်စုဖွဲ့မှုတွေက နောက်ထပ် စစ်ပွဲကြီးတပွဲအတွက် ရှေ့ပြေးလက္ခဏာတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရပါတော့မယ်..။

ချစ်ဝင်းမောင်

Ref: Amid Russian weakness, China is keen to demonstrate its Loyalty.

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013