DVB Logo
Home
မြန်မာသတင်း
မုံရွာရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့၊ ပြည်သူ ၁၀,၀၀၀ နီးပါး တိမ်းရှောင်နေရ
DVB
·
September 16, 2022
မုံရွာရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့၊ ပြည်သူ ၁၀,၀၀၀ နီးပါး တိမ်းရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၃ ရက်ကစတင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းကစတင်ကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်အင်အား ၂၀၀ ခန့်နဲ့ ကုန်းကြောင်း၊ ရေကြောင်းကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကျွန်းကြီး၊ နတ်ကြီးကျွန်းနဲ့ ဂျိုးစု စတဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက် စစ်ကြောင်းထိုးလာတာပါ။

ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတယောက်က “အဲ့ဒီနေ့က ကျွန်းကြီးရွာဘက်မှာ စစ်ကြောင်းတကြောင်း၊ နဂါးတွင်းရွာ အနောက်ဘက် ချင်းတွင်းမြစ်အနီးမှာ စစ်ကြောင်းတကြောင်းခွဲပြီး ဝင်လာတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာက ဒေသခံတွေ အကုန်ပြေးကြရတာ။ ကျွန်းကြီးရွာက နေအိမ် ၃ လုံးကိုလည်း မီးရှို့သွားကြတယ်” လို့  ပြောပါတယ်။

ဒီ့နောက် စက်တင်ဘာ ၁၄ ရက်နေ့မှာ နဂါးတွင်းကျေးရွာရဲ့ အနောက်ဘက်က ချင်းတွင်းမြစ်အနီး တောဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ကာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅၀ ခန့်နဲ့ နဂါးတွင်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ နဂါးတွင်းကျေးရွာအနီး ယာတောထဲမှာရှိတဲ့ ပြည်သူ့နေအိမ် ၃ အိမ်၊ ရွာအတွင်းက ပြည်သူ့နေအိမ် ၁၆ အိမ်နဲ့ ပြည်သူပိုင် ဆိုင်ကယ် အစီး ၃၀ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်မှုကြောင့် နေအိမ် ၁ လုံးလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စကစတပ်ရဲ့ အဓိကပစ်မှတ်က နဂါးတွင်းကျေးရွာ ဖြစ်ပုံရတယ်။ အဲဒီနေ့က  နဂါးတွင်း၊ ပေါက်ပင်နဲ့ ညောင်ဖြူပင် ၃ ရွာမှာပဲ တနေကုန်ဝင်မွှေနေတာ။ သူတို့ရဲ့ ထုံးစံအတိုင်းပဲ အကုန်မွှေနှောက်သောင်းကြမ်းတယ်။ နေအိမ်မီးရှို့တယ်၊ မဲမဲမြင်ရာ အကုန်ဖမ်းစစ်တယ်။ နဂါးတွင်းရွာဆိုတာက ဟိုအရင် နဝတခေတ် ထိပ်တန်း ဗိုလ်ချုပ်ကြီးထွန်းကြည်ရဲ့ ဇာတိရွာလည်း ဖြစ်တယ်။ ဖက်စစ်တပ်က သူ့ကိုဆန့်ကျင်ရင် ဘယ်သူ့မှမထားဘူး၊ အကုန်ရှင်းတာပဲ။ သူတို့ အကုန်မွှေပြီး အဲ့ဒီညနေမှာ မြို့ထဲ ပြန်ဝင်သွားကြတယ်။ အခု စစ်ရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နဂါးတွင်းကျေးရွာက ချမ်းသာကြီးဘုန်းကြီးကျောင်းမှာ စစ်ရှောင်ပြည်သူ ၁၈ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲဒီထဲက ၆ ယောက်ကို ပြန်လွှတ်ကာ ကျန် ၁၂ ယောက်ကို ခေါ်ဆောင်သွားသလို ငွေကျပ် သိန်း ၈၀ ကျော်နဲ့ ဖုန်းတွေကိုလည်း အဓမ္မ ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာမှာကို စိုးရိမ်ထိတ်လန့် နေကြရတဲ့အတွက် ပတ်ဝန်းကျင်ကျေးရွာတွေ အပါအဝင် ကျေးရွာ‌ပေါင်း ၂၀ လောက်က ဒေသခံပြည်သူ ၁၀,၀၀၀ လောက်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး အဲ့ဒီကျေးရွာတွေထဲက ထန်းလေးပင်ကျေးရွာက အမျိုးသမီး ၁ ယောက် ထွက်ပြေးတိမ်းရှောင်ရာမှ အမောဖောက်ကာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုအပြီး နောက်တရက်မှာ စစ်ကောင်စီတပ်ဖွဲ့က ပတ်ဝန်းကျင်ကျေးရွာတွေကို အခုလို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

photo - မီးရှို့ခံခဲ့ရသည့် အဆိုပါကျေးရွာများမှနေအိမ်များ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013