DVB Logo
Home
မြန်မာသတင်း
မွေတော်ဘုန်းကြီးကျောင်းအတွင်းလက်နက်ကြီးကျ၊ ကလေး ၂ ဦးပါအဝင် ၄ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
DVB
·
September 16, 2022
မွေတော်ဘုန်းကြီးကျောင်းအတွင်းလက်နက်ကြီးကျ၊  ကလေး ၂ ဦးပါအဝင် ၄ ဦးသေဆုံးပြီး  ၁၁ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်း - ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တညလုံး ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မြို့မရပ်ကွက်က မွေတော် ဘုန်းကြီးကျောင်းတွင်း ကျရောက်ပေါက် ကွဲခဲ့ပြီး ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မိုးဗြဲမြို့မှာ စက်တင်ဘာ ၈ ရက်ကစပြီး ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားလုံးအရင်နဲ့ မိုးဗြဲမြို့ကို ထပ်မံထိုးစစ်ဆင်လာပါတယ်။

စစ်ကြောင်းတွေနဲ့အတူ လက်နက်ကြီးတွေ တညလုံး ရမ်းသန်းပစ်ခတ်ခဲ့လို့ ဒေသခံတွေ မိုးဗြဲမြို့ မြို့မရပ်ကွက်က မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

ဒေသခံစစ်ရှောင်တွေ သွားရောက်ခိုလှုံတဲ့ မွေတော်ဘုန်ကြီးကျောင်းမှာ ဒီနေ့မနက် ၁ နာရီလောက်က တကြိမ်နဲ့ မနက် ၅ နာရီလောက်တကြိမ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးပါအဝင်  ၄ ဦး သေဆုံးခဲ့ရပြီး ၁၁ ဦးဒဏ်ရာရခဲ့တာလို့ ဒေသခံ ကူညီကယ်ဆယ်ရေးလုပ်ပေးသူက ပြောပါတယ်။

“တညလုံးလုံး လက်နက်ကြီးနဲ့ထုတာ၊ ထုတော့ ဒီမနက် ၁ နာရီမှာ တကြိမ်၊ မနက် ၅ နာရီလောက်မှာတကြိမ် ကျတာ။ ဒဏ်ရာကတော့ ၁၁ ယောက်ရတယ်။ ၄ ယောက်ပွဲချင်းပြီး သေသွားတယ်။ သေဆုံးသွားတဲ့မှာ ၂ ယောက်က အသက် ၁၀ နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်၊ ကျန် ၂ ယောက်ကတော့ လူငယ်လူလတ်ပိုင်း ကျနော်လည်း ကောင်းကောင်းမမှတ်မဘူး။” 

ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူရှိပြီး ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပဲ လတ်တလော ကုသပေးနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲရက်ဆက်ဖြစ်ပွားနေတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ဘက်က အင်အားလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် စစ်ရှောင်ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး လုံခြုံတဲ့နေရာမှာ နေပေးကြဖို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ မိုးဗြဲမြို့မှာ ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်း ထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းနဲ့လည်း ၁၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စက်တင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူနေအိမ်အလုံး ၁၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မိုးဗြဲမြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် တပ်သား ၆၀ လောက် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ လက်နက်ငယ် ၁၃ လက်၊ လက်နက်ကြီး လက်နက်ငယ် ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက်နဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ တပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး  တစုံတရာ ထုတ်ဖော် ရေးသားပြောဆိုတာ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013