DVB Logo
Home
မြန်မာသတင်း
အဖွဲ့ဝင်နိုင်ငံ ၄၀ ပါ FATF က မြန်မာကို နာမည်ပျက်စာရင်းသွင်းရန် ပြင်ဆင်နေ
DVB
·
September 15, 2022
အဖွဲ့ဝင်နိုင်ငံ ၄၀ ပါ FATF က မြန်မာကို နာမည်ပျက်စာရင်းသွင်းရန် ပြင်ဆင်နေ
Donate to DVB

ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (Financial Action Task Force) က မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတာကြောင့် ဒီသက်ရောက်မှုက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ထွက်ခွာဖို့အတွက် အချက်ပေးခေါင်းလောင်းသံ ထိုးလိုက်တာလို့ သုတေသီတွေက ပြောပါတယ်။

ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (FATF) ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အခြေစိုက်ပါတယ်။

အဆိုပါအဖွဲ့ကို ၁၉၈၉ ခုနှစ်က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ G-7 ထိပ်သီးအစည်းအဝေးမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ငန်းတွေအတွက် ငွေကြေးရှာဖွေသုံးစွဲမှု အစရှိတဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ခြိမ်းခြောက်လာနိုင်တဲ့ မသမာမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး G-7 ၇ နိုင်ငံက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ ရှိပြီ ဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းက မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းမယ့် အဆိုပြုချက်ကိုတော့ လာမယ့် အောက်တိုဘာလ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ သဘောတူ ဆုံးဖြတ်ချက်ချမယ့် အလားအလာတွေ ရှိနေတယ်လို့ ဒီဖြစ်ရပ်နဲ့နီးစပ်တဲ့ အစိုးရအရာရှိတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတယောက်က “သက်ဆိုင်ရာ တိုင်းပြည်တခုကို သွားမယ်ဆိုရင် သူ့ရဲ့ rating ဘယ်လောက်ရှိလဲဆိုတာကို နိုင်ငံတကာမှ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်တွေကို ရင်းနှီးမြှုပ်နှံသူတွေက ကြည့်ကြတယ်။ ကြည့်တဲ့အခါ စွန့်စားရမှုတွေ များနေတယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေကို အတားအဆီး ဖြစ်စေတယ်။ နောက်တချက်က ပြည်တွင်းမှာ ရောက်ပြီးသား အဖွဲ့အစည်းတွေ သူတို့ကိုလည်း သတိပေးလိုက်သလို ဖြစ်စေတယ်။ ဒီနိုင်ငံကတော့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စွန့်စားမှု အန္တရာယ်များနေပြီဆိုရင် နိုင်ငံခြားက အသစ်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို တွန့်ဆုတ်သွားစေမယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေအနေနဲ့က စီးပွားရေးဆက်လုပ်ဖို့ အများကြီး တွေဝေသွားစေတယ်။ နောက် ထိနိုင်တဲ့အချက်က ကုန်သွယ်ရေးပေါ့။ ဘာလို့လဲဆို ဒီနိုင်ငံက အယုံအကြည် မရှိဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်တဲ့အခါ ငွေပေးချေတဲ့ payment တိုင်းမှာ လာထိတော့မှာ။ ဒီအချက်တွေက အဓိကတွေ့ကြုံရမယ့် ပြဿနာတွေပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို တွေ့ကြုံလာမယ့် ဘဏ္ဍာရေးပြဿနာကို အစားထိုး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်လာနိုင်ပေမဲ့ အကန့်အသတ်များစွာနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ သုတေသီတယောက်ကလည်း “ဟိုတလောကဆိုရင် ကျနော်တို့ ကြားတာက ဒေါ်လာသုံးတဲ့နိုင်ငံတွေက ဒေါ်လာကို အသုံးပြုပြီး အနိုင်ကျင့်တယ်လို့ စစ်ကောင်စီဘက်က ပြောတာမျိုးတွေ ရှိလာတယ်။ အဲ့တော့ ဒေါ်လာမသုံးတဲ့ နည်းလမ်းတွေ စဉ်းစားလာမှာပေါ့။ အခုဆိုရင် ရုရှားကို သူ အားကိုးလာတယ်။ တရုတ်နဲ့ဆိုရင် တရုတ် ယွမ်ကို အားကိုးမယ်။ ထိုင်းနဲ့ဆိုရင် ထိုင်းဘတ်ကို အားကိုးမယ်။ တနည်းအားဖြင့် ဒေါ်လာကို မသုံးရမယ့် နည်းလမ်းမျိုး သူတို့ရှာမယ်ပေါ့။ ဒါပေမဲ့ ပြဿနာကို ဘယ်လောက် ကုစားနိုင်မလဲ ဆိုတာက အဓိကစိန်ခေါ်မှုပဲ။ ဘာကြောင့်လဲဆို ကမ္ဘာ့စီးပွားရေးမှာ ဘယ်ငွေကြေးက ဦးဆောင်နေလဲပေါ့။ ကမ္ဘာမှာ ဦးဆောင်နေတာက ဒေါ်လာကို ဘယ်ငွေကြေးမှ ဒီကနေ့အထိ မယှဉ်နိုင်သေးဘူးနော်။ နံပါတ်-၂ က ယူရိုငွေ။ အဲဒီတော့ ရုရှားက ဘယ်အဆင့်မှာရှိလဲဆိုရင် အဆင့် ၁၁ မှာသာရှိတယ်။ ပြီးတော့ သူ့ရဲ့ ရုရှားငွေသုံးတဲ့နိုင်ငံက လက်ချိုးရေတွက်လို့ ရတယ်။ အဲဒီတော့ သူ့ထက်စာရင် တရုတ်ယွမ်က နည်းနည်းကျယ်ပြန့်သေးတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ သွားလုပ်ရင်တော့ မြန်မာပြည်ဟာ နိုင်ငံတကာက လက်ခံတဲ့ ငွေကြေးကို မသုံးစွဲဘဲနဲ့ ကိုယ်သုံးချင်တဲ့ ငွေကြေးပဲ သုံးမယ်ဆိုရင် နိုင်ငံတကာနဲ့ အပေးအယူလုပ်လို့ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

FATF အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ အာရှဒေသမှ အစိုးရအရာရှိတယောက်က မြန်မာစစ်အာဏာရှင်တွေဘက်က အာဆီယံအပေါ် သဘောထားနဲ့ လတ်တလော တုံ့ပြန်မှုတွေကို ကြည့်ရင် FATF အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကို နာမည်ပျက် စာရင်းသွင်းဖို့ သဘောတူကြမယ့် အလားအလာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအားလုံးက သဘောတူညီကြရင်တော့ လက်ရှိဥက္ကဋ္ဌဖြစ်နေတဲ့ စင်ကာပူကလည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီချက်ကို ငြင်းနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ခြွင်းချက်အနေနဲ့ အားလုံးရဲ့ သဘောတူညီချက်ကို ပယ်ဖျက်ဖို့အရေးမှာ သဘောမတူတဲ့နိုင်ငံ အနည်းဆုံး ၃ နိုင်ငံရှိဖို့ လိုပါတယ်။

လက်ရှိမှာတော့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (Financial Action Task Force) က နာမည်ပျက်စာရင်းသတ်မှတ်ထားတဲ့ နိုင်ငံတွေက မြောက်ကိုရီးယားနဲ့ အီရန် နှစ်နိုင်ငံတည်းသာ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013