DVB Logo
Home
Lead Story
မအောင်မြင်သော အာဏာသိမ်းပွဲများ
DVB
·
September 15, 2022
မအောင်မြင်သော အာဏာသိမ်းပွဲများ
Donate to DVB

ဒီစာစုဟာ ရေးမယ်လို့ ‌တေးထားပြီးမှ ကျနော် မရေးဖြစ်ဘဲ နေနေခဲ့တာကို အကြွေးဆပ်တာပါ။ အတိုးတွေပါ ဆပ်ရမယ့်ပုံပါ။

ကျနော် မောင်တူးဟာ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက် DVB စတင်ထူထောင်ကတည်းက သတင်းထောက်တာဝန် ယူခဲ့တာပါ။ အခုဆို DVB သက်တမ်း ၃၁ နှစ်သား ရှိလာပြီပေါ့။ ကျနော်က နေ့စဉ် သတင်းလိုက်၊ ရေး၊ တင်ဆက် စသဖြင့် အလုပ်လုပ်တယ်။ စနေ တနင်္ဂနွေလည်း မနားပါ။ မေဒေးနေ့တောင် မနားဘူးဗျာ။ နေ့ ည မအားပါ။ ဆန္ဒပြပွဲသတင်း (ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်) တိုက်ပွဲသတင်း၊ စီးပွားရေးသတင်း စသဖြင့် အစုံပါပဲ။ မအားတဲ့ကြားက စာရေးချင်တယ်။ ည ၁ နာရီ သန်းခေါင်ကျော် ၂ နာရီနီးမှ ညစဉ် အိပ်ဖြစ်တယ်။ နေ့တိုင်းပါ။ သန်းခေါင်မှာ စာရေးဖို့ အကြောင်းအရာ စိတ်ကူးတခုခု ပေါ်လာတတ်လေ့ရှိတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ မိနစ် ၃၀ စာ နေ့စဉ် TV Program က မပြီးသေးဘူးလေ။ ပြီးတဲ့အခါကျတော့ သန်းခေါင်ကကျော်၊ လင်းကြက်ဆော်၊ အိပ်ပျော်ဖို့ သင့်ပြီ။ တညလည်း မရေးဖြစ်၊ နောက်ည နောက်ညတွေလည်း မရေးဖြစ်။ အခုတော့ ကြုံရာ ချရေးတော့မှာပါ။ ဒါမှရမှာ။ စဉ်းစားကြည့်တော့ “မအောင်မြင်ခဲ့သော အာဏာသိမ်းပွဲများ” စိတ်ထဲပေါ်လာတယ်။

MRTV ပရီဇန်တာက  DVB သတင်းထောက်ကိုပြောတဲ့ မအောင်မမြင် အာဏာသိမ်းပွဲ

ကရင်လူမျိုး DVB သတင်းထောက်တယောက် ထိုင်းနယ်စပ်မှာရှိတယ်။ သူ့လုပ်သက် ၁၇ နှစ်လောက်ရှိပြီ။ ကရင်စကား မွှတ်တယ်။ ထိုင်းစကား ကျွမ်းတယ်။ ဗမာလို တတ်ပေမဲ့ တခါတလေ ဇောက်တိဇောက်ထိုး ပြောတတ်သဗျ။ သူက MRTV က CDM ပရီဇန်တာ ကောင်မလေး ချောချောလေးတယောက်ကို အင်တာဗျူး သွားလုပ်တယ်။

မေး ။ ။ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ အာဏာသိမ်း တနှစ်ကျော်လာတဲ့အပေါ် ဘာပြောချင်သလဲ ခင်ဗျ။

ဖြေ ။  ။ သူက (မင်းအောင်လှိုင်) ကျမတို့အမေ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို စစ်တပ်အားကိုးနဲ့ အာဏာသာသိမ်းလိုက်တာ။ အခုအထိ (၁ နှစ်ကျော်သာကြာလာတယ်) သူတို့ အာဏာသိမ်းတာကလည်း မအောင်မြင်သေးပါဘူးရှင်။ ကျမ ဒီလိုပဲ ပြောချင်ပါတယ်။

ဗမာရည် သိပ်မလည်တဲ့ ကျနော်တို့ရဲ့ DVB ကရင်လူမျိုး သတင်းထောက်ကြီးဟာ အဲ့သည် MRTV က CDM ပရီဇန်တာ ကောင်မလေး ချောချောလေးနဲ့ အင်တာဗျူးလုပ်အပြီးမှာ စဉ်းစားခန်း ဖွင့်ပါတော့တယ်။ သူသိထားတာက ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင် အာဏာသိမ်းတယ်။ အဲသည်ကစပြီး စစ်အစိုးရ အုပ်ချုပ်နေနိုင်ပြီပေါ့။ အခုတော့ သူတို့ အာဏာသိမ်းတာကလည်း မအောင်မြင်သေးပါဘူးရှင် ဆိုပြီး ကြားလိုက်ရတော့မှ “စစ်အာဏာသိမ်းပွဲ မအောင်မမြင်” ရဲ့ သဘောကို လျှပ်တပြက် သူသိပြီလို့ ပြောပြောနေတတ်ရဲ့။

မိနု သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်

အင်းဝနန်းကျ (ဘကြီးတော်) စစ်ကိုင်းမင်းရဲ့ မိဘုရားခေါင်ကြီး နန်းမတော် မယ်နုနဲ့ အစ်ကို စလင်းစား မောင်အိုတို့ ပေါင်းပြီး သာယာဝတီမင်းကို နန်းချဖို့ ကြံစည်ခဲ့တယ်။ အမှုပေါ်တော့ နန်းမတော် မယ်နုကို (ရေချ) (စီရင်) သတ်ဖို့ ခေါ်လာတယ်။ ခေါ်လာတုန်း နောက်ဆုံးဆန္ဒအနေနဲ့ ဆရာရင်း ဆရာတော်ကြီး ဦးဗုဓ်ကို ဝင်ကန်တော့လိုကြောင်း ပြောတဲ့အတွက် ပို့ပေးတဲ့အခါ နန်းမတော်က ဦးချပြီး “တပည့်တော်မကို အဆုံးစီရင်ပါတော့မယ်။ ဆရာတော်ဘုရားကို နောက်ဆုံး ဖူးမြော်ကန်တော့ပါတယ်ဘုရား” လို့ လျှောက်တယ်။ ဆရာတော်က စာကြည့်နေရာက မယ်နုဘက်လှည့်ပြီး “မိနု... သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်” လို့ မိန့်တော့ ဒီစကားကို ကျေနပ်ပြီး ရေချရာကို နန်းမတော်မယ်နု ရဲရဲကြီး လိုက်သွားခဲ့တယ်။

အာဏာလု (နန်းလု) ဖြစ်စဉ်ကတော့ ၁၁၉၉ ခု၊ ကဆုန်လပြည့်ကျော် ၁၂ ရက် (၁၈၃၇ ဧပြီ ၃၀) မှာ နှစ်ပါးသဘောတူပြီး ထီးနန်းကို သာယာဝတီမင်းအား လွှဲတယ်။ မိနုရဲ့လင် နန်းကျဘုရင် စစ်ကိုင်းမင်း ထီးနန်းကဆင်းပြီး မဟာသကျသီဟဘုရားအနီး စံနန်းနဲ့နေတယ်။ ၁၂၀၁ ခု၊ တပေါင်းလပြည့်ကျော် ၁၀ ရက် (၁၈၄၀ မတ် ၂၇) မှာ  ရွှေဓားဗိုလ် မင်းသား (ခဝင်းငယ်)၊ ဗိုလ်ခမ်းကျော်၊ ဗိုလ်ရွှေမောင်တို့ ဦးစီးတဲ့ လူ ၁,၅၀၀ ဟာ မတ္တရာတလွှားမှာ ပုန်စား ပုန်ကန်ကြတယ်။ ဒါဟာ ထီးနန်းလုဖို့ ရည်ရွယ် သူပုန်ထတာပါ။ သာယာဝတီမင်း လိုက်လံနှိမ်နင်းတော့ သီပေါမြို့စပ်မှာ ငဝင်းငယ်၊ ငရွှေထွေး၊ ငထွန်းလှ၊ ငအိ၊ ငရွှေပြား၊ ငသာအိ၊ ငပုည တို့ကို ဖမ်းမိတာပေါ့။ စစ်မေး စစ်ဆေးတော့ နောင်တော် နန်းပြန်ရဖို့ နန်းမတော်နဲ့ အစ်ကို စလင်းစားမောင်အိုတို့ ပူးပေါင်းကြံစည်ကြောင်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် နန်းမတော်မယ်နုကို မေးတော့လည်း ဝန်ခံတဲ့အတွက် ၁၂၀၁ ခု၊ ကဆုန်လဆန်း ၁၂ ရက် (၁၈၄၀ မေ ၁၂) မှာ ရေချသတ်ခဲ့တယ်။ ဒါကို သမိုင်းရာဇဝင်ထဲက အင်းဝခေတ် “မအောင်မြင်ခဲ့သော အာဏာသိမ်းပွဲ” လို့ ပြောလို့ရနိုင်မလားပဲ။

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း

သက္ကရာဇ် ၁၂၂၈-ခု ဒုတိယဝါဆိုလဆုတ် ၇ ရက် (၁၈၆၆ ဩဂုတ် ၂ ရက်) ကြာသပတေးနေ့ ရတနာပုံနေပြည်တော် တဝက်ကို သိမ်းယူနိုင်ခဲ့တဲ့ မြင်ကွန်း မြင်းခုန်တိုင် အာဏာသိမ်းပွဲ ဖြစ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါ။ အဲသည်နေ့က အိမ်ရှေ့စံ ကနောင်မင်းသားကြီးဟာ ယာယီလွှတ်တော်အနီး တဲကြီးအတွင်း တိုင်ပင်ဆွေးနွေးနေတယ်။ မင်းတုန်းမင်းကတော့ မဟာလောကမာရဇိန်ဘုရားမှာ ရှိနေတယ်။ နန်းတော်ဝင်းနဲ့ ကပ်လျက် မြင်ကွန်းမင်းသားဝင်းမှာ ငဖြူသီး၊ ဇော်ဂျီဗိုလ် အစရှိတဲ့ မြင်ကွန်း မြင်းခုန်တိုင် မင်းသားတို့ရဲ့ နောက်လိုက်တစု အရက်သောက်ရင်း အာဏာသိမ်းဖို့ ရဲဆေးတင်နေကြပေါ့။ အခါတော်ပေး ဦးပုည သတ်မှတ်ပေးတဲ့ မွန်းတည့်ချိန်ရောက်တာနဲ့ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့ဟာ ရန်ဖြစ်လေဟန် အကွက်ဆင်ပြီး စံနန်းတော်အတွင်းသို့ ပြေးဝင်တယ်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီးရဲ့ ခေါင်းကို ဖြတ်ခဲ့ကြတယ်။ အဲသည့်နောက် မြင်ကွန်း မြင်းခုန်တိုင်တို့ဟာ နောက်လိုက်သားတွေနဲ့ တံခါးနီ နန်းမြေဘုံစံနန်းတော်ကို အတင်းဝင်သိမ်းတယ်။ ယာယီနန်းတော်ကနေ မင်းတုန်းမင်းဟာ လုပ်ကြံမည့်ဆဲဆဲ လွတ်မြောက်ခဲ့တယ်။

မြင်ကွန်းတပ်ဟာ တံခါးနီကို စီးနိုင်ဖို့ ကြိုးစားပြီး မင်းသားညီနောင်တို့ဟာ မြို့နန်းတခြမ်းကို သိမ်းလို့ရခဲ့ပေမဲ့ အပြင်ရောက်နေတဲ့ ကနောင်မင်းသားတပ်တွေ နန်းတော်သို့ ချီတက်လာကြတဲ့အခါ ထွက်ပြေးသွားကြရတာပေါ့။ အသာစီးရနေတဲ့ မြင်ကွန်းမင်းသား တပ်တွေဟာ တခဏအတွင်း အရေးနိမ့်သွားကြတယ်။ မြင်ကွန်းတပ်ဟာ ည သုံးချက်တီးကျော် အချိန် မြို့တောင်ဘက် ‘ရန်နှိမ်’ တံခါးကနေ ဆုတ်ပြီး ဆိပ်ကမ်းရှိ ရေနန်းစကြာသင်္ဘောနဲ့ အာဏာသိမ်းပွဲ မအောင်မြင်ဘဲ ထွက်ပြေးကြရပါတယ်။ မြင်ကွန်းမင်းသား ညီနောင်ကို နယ်ချဲ့အင်္ဂလိပ်ကဖမ်း ကပ္ပလီကျွန်းကိုပို့ ချုပ်နှောင်ထားလိုက်တယ်။ နောက်ပိုင်း မြင်းခုန်တိုင်လည်း သေ၊ မြင်ကွန်းကတော့ ထွက်ပြေးလွတ်မြောက်ပေမဲ့ အသက် ၇၀ အရွယ် ဆိုင်းဂုံမြို့မှာ သေဆုံးခဲ့ရတယ်။ မြင်ကွန်းမင်းသား ဘုရင်ဖြစ်ချင်ရာက သူ့နောက်လိုက် နောက်ပါတွေလည်း သေဆုံးကြရ၊ အဖမ်းခံကြရပြီး ဒုက္ခရောက်ကြရပါတယ်။ မအောင်မြင်သော အာဏာသိမ်းပွဲတခုပေါ့။

မအောင်မြင်သော အာဏာသိမ်းပွဲ

ဗမာရည် သိပ်မလည်တဲ့ DVB ကရင်လူမျိုး သတင်းထောက်ဟာ MRTV က CDM ပရီဇန်တာမ ချောချောလေး ပြောတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မင်းအောင်လှိုင် အာဏာသိမ်းတာ အခုထိ မအောင်မြင်သေးတဲ့ အကြောင်းကိုပဲ တွေးနေတတ်ပါတယ်။ ကမ္ဘာ့သမိုင်း ရာဇဝင်မှာ မအောင်မြင်သော အာဏာသိမ်းပွဲတွေ များစွာပါ။ မြန်မာ့သမိုင်းမှာလည်း မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းပွဲတွေ ရှိခဲ့တာပေါ့။ မြန်မာ့တပ်မတော်ဟာ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၂၁ တို့မှာ အာဏာအလီလီ သိမ်းခဲ့တာပေါ့။ အရင် အာဏာသိမ်း ၃ ကြိမ်နဲ့ ၂၀၂၁  မတူပါ။ မြင်ကွန်းမင်းသားတပ်ကို နိုင်မည့် ကနောင်မင်းသားတပ်ကြီး ချီတက်လာနေသလို PDF တပ်ကြီးဟာ တနေ့တခြား ကြီးထွားလာ ချီတက်လာနေပါပြီ။ ၈၈၈၈ မှာ အာဏာသိမ်းပြီး ၃ ရက်အကြာမှာ ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ခဲ့ကြတယ်။

အခုကတော့ သိန်းသန်းချီ CDM ဝန်ထမ်းတွေဟာ အလံမလှဲစတမ်းပါပဲ။ CRPH၊ NUG အစိုးရတို့ကလည်း ဦးဆောင်နေကြပြီ။ KNU၊ KNPP၊ CNF၊ KIA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း တတပ်တအားပါပဲ။ ပြည်ပနိုင်ငံ အသီးသီး ရောက်နေသူ တွေကလည်း ထောက်ပံ့မှုမျိုးစုံကို သဲသဲမဲမဲ လုပ်နေကြရဲ့။ ဘက်ပေါင်းစုံ အခြေအနေပေါင်းစုံ အလွှာပေါင်းစုံ နည်းနာပေါင်းစုံ ယောကျ်ား၊ မိန်းမ၊ LGBT စသဖြင့် ပေါင်းစုံတို့က ဆန့်ကျင် တိုက်ပွဲ ဆင်နွှဲနေကြပြီ။

မြင်ကွန်းမင်းသား ဘုရင်ဖြစ်ချင်ရာက သူ့နောက်လိုက်နောက်ပါတွေလည်း သေဆုံးကြရ၊ အဖမ်းခံကြရပြီး ဒုက္ခရောက်ကြရပါတယ်။ ဒီလိုပဲ မင်းအောင်လှိုင် သမ္မတဖြစ်ချင်ရာက သူ့တပ်သားတွေ နေ့စဉ် သေပေးနေကြရပါပြီ။

NUG ခုခံတော်လှန်စစ် ကြေညာအပြီး တနှစ်အတွင်း စစ်ကောင်စီတပ်သား ၂၀,၀၀၀ ကျော် သေခဲ့ပြီးပါပြီ။ ၇,၀၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၃ မှာ နွေဦးတော်လှန်ရေး အောင်မြင်မည့် ဟောကိန်းတွေလည်း ကြားနေရပြီ။ မအောင်မြင်သော စစ်ကောင်စီ အာဏာသိမ်းပွဲ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာနေတာ အားလုံးအသိပါ ခင်ဗျာ။       ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013