DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က မွေ့တုံရွာကို တတိယအကြိမ်မီးရှို့၊ အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံး
DVB
·
September 15, 2022
စစ်ကောင်စီတပ်က မွေ့တုံရွာကို တတိယအကြိမ်မီးရှို့၊ အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံး
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အစပ်က မွေ့တုံကျေးရွာကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

မွေ့တုံရွာ ဒေသခံတယောက်က “မွေ့တုံကျေးရွာကို စစ်(...)စစ်ကြောင်းက စက်တင်ဘာ ၁၃ ရက်နေ့ ၈ နာရီ ၄၅ မိနစ်လောက်မှာ ရွာနဲ့ တမိုင်လောက်အကွာကနေ လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ စတင်ပစ်ခတ်တာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြတာ၊ တမိုင်လောက် အကွာအဝေးရောက်တဲ့အချိန်မှာ ရွာကို မီးတန်းရှို့တော့တာပဲ” လို့  ပြောပါတယ်။

အိမ်ခြေ ၂၄၉ လုံးရှိတဲ့ မွေ့တုံရွာဟာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၂၀၀ လောက် မီးလောင်ကျွမ်းသွားပြီး ရွာကလူငယ်တွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်ရာမှာလည်း မိုးရာသီဖြစ်တာကြောင့် ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ၊ ကားတွေ ဗွက်နစ်လို့ ထွန်စက်တွေနဲ့ ဝိုင်းဝန်းဆွဲထုတ်ခဲ့ရသလို သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကိုလည်း ထမ်းပိုးပြီး ရွှေ့ပြောင်းခဲ့ရကာ အနီးနားရွာတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ကျွဲ၊ နွား၊ သိုး၊ ဆိတ် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုတော့ ဘေးလွတ်ရ‌ာ မရွှေ့ပြောင်းနိုင်ခဲ့တဲ့ အတွက် ဆုံးရှုံးခဲ့တယ်လို့ မွေ့တုံကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“မွေ့တုံရွာမှာက လူဦးရေ ၁,၁၅၇ ယောက် ရှိတာဆိုတော့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းမှာ ခိုလှုံမယ်ဆိုရင်လည်း အများဆုံး လူဦးရေ ၃၀၀ လောက်ပဲ ဆန့်မယ်။ ကျန်တဲ့ ၇၀၀ ကျော်လောက်အတွက် နေစရာနေရာ မရှိတော့ဘဲ မိုးရာသီကာလဆိုတော့ အရမ်းကို ဒုက္ခရောက်နေကြရတယ်။ ဒါကြောင့်မို့ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်။”

မွေ့တုံရွာကို မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်အင်အား ၁၂၀ လောက်ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ BPDF တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ငဒေါင်းက ပြောပါတယ်။

“မွေ့တုံရွာထဲမှာပဲ ကျနော်တို့ Burmese Peacock Defense Force - BPDF နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်မိုင်း၊ နင်းမိုင်းတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်(...)တွေဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်။”

စစ်ကောင်စီတပ်ဟာ သဲတောရွာဘက်မှာလည်း ပြည်သူတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဗိုလ်ငဒေါင်းက ပြောပါတယ်။

“ခုကတော့ သူတို့က တွေ့တဲ့သူမှန်သမျှ အကုန်ပစ်သတ်တာပဲ။ ရွာသူရွာသားကတော့ စိမ်းတာတွေ၊ နီတာတွေ ဘာမှပြောလို့မရဘူး၊ အကုန်ထွက်ပြေးရတာပဲ။”

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၂၀,၁၅၃ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013