DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ မြန်မာလုပ်သား ၂၇၀ လျော်ကြေး ဘတ် ၄ သန်းကျော်ရရှိ
DVB
·
September 15, 2022
ဆန္ဒပြ မြန်မာလုပ်သား ၂၇၀ လျော်ကြေး ဘတ် ၄ သန်းကျော်ရရှိ
1 / 2
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေရှိ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းစက်ရုံတရုံက မြန်မာအလုပ်သမား ၂၇၀ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က  ရုတ်တရက် အလုပ်ထုတ်ခံခဲ့ကြရပါတယ်။ 

အဲဒီနေ့မနက် ၈ နာရီကစ အလုပ်ဆင်းလာသူတိုင်းကို စက်ရုံမန်နေဂျာက ပစ္စည်းတွေ အော်ဒါမလာလို့ အလုပ်မခန့်နိုင်တော့ကြောင်း ပြောပြီး  ရုတ်တရက် အလုပ်ဖြုတ်လိုက်တာကြောင့်  အလုပ်သမားတွေ မကျေနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတာလို့  အလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ AAC  ခေါင်းဆောင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“အလုပ်သမားတွေက ဆက်သွယ်လာလို့ ကျနော်တို့လည်း သက်ဆိုင်ရာ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံး၊ အလုပ်သမားရုံး၊ လဝက ရဲတွေနဲ့အတူ သွားပြီးညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ ကျနော်တို့မရောက်ခင် မနက်ပိုင်းမှာ လုံးဝအဆင်မပြေပါဘူး၊ အလုပ်ရှင်က နစ်နာကြေးတွေ မပေးချင်ဘူးပေါ့။ အဲဒါနဲ့ အလုပ်သမားကိုယ်စားလှယ်၊ စက်ရုံကိုယ်စားလှယ်၊ အလုပ်သမားရုံး တာဝန်ရှိသူတွေရယ်၊ ပြီးတော့ ကျနော်တို့ အေအေစီအဖွဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းကြပါတယ်။ ညနေ ၄ နာရီလောက်မှာ အားလုံး ပြေလည်မှုရခဲ့ကြတယ်ခင်ဗျ။”

ညှိနှိုင်းချက်အရ အလုပ်ရှင်ကနေပြီး အလုပ်သမား ၂၇၀ ဦးစလုံးရဲ့ ရသင့်ရထိုက်တဲ့ ၁ လစာ လုပ်အားခကိုရော၊ ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက်အလုပ်ထုတ်ပစ်လို့ နစ်နာကြေးအနေနဲ့ ၁၅ ရက်စာ လုပ်အားခတွေရော စုစုပေါင်း ဘတ် ၄ သန်းကျော်ကို ပေးဖို့နဲ့ အလုပ်သမားတွေရဲ့ စာရွက်စာတမ်း သက်သေအထောက်အထားဆိုင်ရာကိစ္စတွေလည်း ဒီလ ၁၉ ရက်နေ့အပြီး ဆောင်ရွက်ပေးဖို့  သဘောတူလိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံမှာ မြန်မာနဲ့ထိုင်းလုပ်သား ရာနဲ့ချီရှိပြီး ရုတ်တရက် အလုပ်ထုတ်ခံရတဲ့ထဲမှာ ထိုင်းအလုပ်သမားတွေလည်း ပါဝင်ကြောင်း၊ သူတို့လည်း သူတို့အစီအစဉ်နဲ့ ညှိနှိုင်းတောင်းဆိုလိမ့်မယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကလည်း နခွန်းပထုံခရိုင် အုန်းယိုင်မြို့ရှိ အထည်ချုပ်စက်ရုံ ၁ ရုံမှာ မြန်မာလုပ်သား ၂၀၀ ကျော် အကြောင်းမဲ့အလုပ်ထုတ်ခံရပါသေးတယ်။ 

အဆိုပါကိစ္စကို သွားရောက်ဖြေရှင်းပေးရာမှာ  အလုပ်သမားကတ် စာရွက်စာတမ်းတွေ အဆင်ပြေပေမယ့် နစ်နာကြေးကိစ္စတွေမှာ အဆင်မပြေလို့ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း၊ မနေ့ကတော့ စက်ရုံဘက်က တရားမစွဲဖို့လာပြောလို့ အလုပ်သမားတွေဘက်က ရသင့်ရထိုက်တာတွေ အကုန်ရဖို့ ပြန်ပြီးညှိနှိုင်းနေတယ်လို့ ကိုရဲမင်း AAC က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013