DVB Logo
Home
Lead Story
တော်လှန်ရေးအဖွဲ့တွေ သတင်းမထုတ်တတ်ရင် အသက်နုတ်ခံရမယ်
DVB
·
September 15, 2022
တော်လှန်ရေးအဖွဲ့တွေ သတင်းမထုတ်တတ်ရင် အသက်နုတ်ခံရမယ်
Donate to DVB

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF နဲ့ LPDF တွေအတွက်တော့ သတင်းဟာ မီးနဲ့တူပါတယ်။ သုံးတတ်ရင် ဆေးဖြစ်ပြီး မသုံးတတ်ရင် ဘေးဖြစ်ပါလိမ့်မယ်။

မသုံးတတ်လို့ ဘေးဖြစ်ပြီး လက်နက်၊ ရိက္ခာနဲ့ စခန်းအပြင် အသက်ပါပေးလိုက်ရတဲ့ LPDF အဖွဲ့လေးတွေလည်း ရှိနေခဲ့ပါပြီ။ လတ်တလော သာဓကကို ပြရရင် စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ LPDF အဖွဲ့ဝင်တချို့ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်ကို ညွှန်ပြရပါလိမ့်မယ်။

သတင်းဓာတ်ပုံကနေ ခြေရာခံ

စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သူတွေဟာ ဘုတလင်နယ်အခြေစိုက် ဒုံးပျံ LPDF အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေ ဘယ်ရွာမှာရှိနေတယ်ဆိုတာကို သတင်းဓာတ်ပုံကနေ ခြေရာခံမိတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ကြပါတယ်။ ဒုံးပျံ LPDF အဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက်က ကူတော်ရဲစခန်းစောင့်အဖြစ်ကနေ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့ သတင်းဓာတ်ပုံကို ဖော်ပြခဲ့တာပါ။ သတင်းဓာတ်ပုံမှာ နံရံချိတ်ထားတဲ့ ဗီနိုင်းမှာ ကျေးရွာအမည်ပါသွားတာကနေ ခြေရာခံမိတာ ဖြစ်နိုင်တယ်လို့ ပဲပြစ်တောရွာခံတချို့က သုံးသပ်ပါတယ်။

လှည့်ကွက်နဲ့ဝင်စီးပြီ

၁၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ သတင်းဓာတ်ပုံပါ ရွာအမည်ကို တွေ့ရှိထားတဲ့ စစ်ကောင်စီတပ်က ဗျူဟာကို ကျကျနန ရေးဆွဲခဲ့ပုံပေါ်ပါတယ်။ ၁၃ ရက်နေ့ မနက်ခင်းမှာ ပစ်မှတ်ရှိရာ ဘုတလင်မြို့နယ်အတွင်းက ပဲပြစ်တောကျေးရွာဆီကို မိုင်နှစ်ဆယ်လောက်သာ ကွာဝေးတဲ့ နမခစစ်ဌာနချုပ်ကနေ စစ်ကြောင်းတခု ထွက်လာပါတယ်။ အဲ့ဒီစစ်ကြောင်း ထွက်လာတယ်လို့ သတင်းရထားတဲ့ ဒုံးပျံအဖွဲ့သားတွေက စစ်ကြောင်းလာရာလမ်းကြောင်းကို အာရုံစိုက်နေစဉ်မှာပဲ တခြားတဖက်ကနေ အိမ်စီးကားသုံးပြီး အရပ်ဝတ်တွေနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလွယ်တကူ စီးနင်းပြီး သတ်ဖြတ်လိုက်ပါတော့တယ်။ စီးနင်းသတ်ဖြတ်မှုကြောင့် ဒုံးပျံအဖွဲ့ဝင် ၅ ဦးကျဆုံးပြီး CDM ဝင်ထားတဲ့ စစ်သား ကိုဖြိုးဝေလည်း ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတဲ့အပြင် စခန်းဝင်စီးစဉ် လုပ်သေနတ် ၄ လက်၊ စိန်ပြောင်း ၄ လက်၊ ကျည် ၃၅၀၊ လက်ပစ်ဗုံး ၅ လုံး၊ ယမ်းမှုန့်တွေနဲ့ ဝရိန်ပုံး၊ သံဖြတ်စက်တွေလည်း သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။

အကောင်းဆုံးက အပိတ်ကစား

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မိမိသတင်းကို အပိတ်ထားတာ အကောင်းဆုံးပဲလို့ ၂၀၀၄ ခုနှစ်မှာ တပ်ဖွဲ့ဖျက်သိမ်းခြင်းခံရတဲ့ စစ်ထောက်လှမ်းရေးဟောင်း တဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဆိုရင် ယနေ့အချိန်ထိ သူ့ဘက်က တပ်ဖွဲ့ဝင်တွေရဲ့ အထိခိုက် သေဆုံးစာရင်းကို တလုံးတပါဒမှ မထုတ်ပြန်တာကို နမူနာယူသင့်တယ်လို့ သူက ဆိုပါတယ်။

ဝါရင့်သတင်းစာဆရာတဦးကတော့ PDF နဲ့ LPDF တွေမှာ စစ်ကောင်စီနဲ့မတူတဲ့ သဘောသဘာဝ ရှိနေတယ်လို့ သုံးသပ်ပါတယ်။ သူထောက်ပြတာက စစ်ကောင်စီဟာ နိုင်ငံ့ဘဏ္ဍာကို ထင်သလို သုံးစွဲခွင့်ရနေပြီး သတင်းကို တဖက်ပိတ်ထားကစားလို့ ရပေမဲ့ LPDF တွေမှာတော့ စစ်ရေးလှုပ်ရှားမှုတွေကို ထုတ်ပြမှ အလှူငွေရရှိတဲ့ အချက်ကလည်း ရှိနေတယ်လို့ ဆိုပါတယ်။ နောက်တချက်က တော်လှန်ရေးဟာ သွေးအေးမသွားဘဲ ရှိနေတယ်လို့ ပြည်သူတွေကို လှုံ့ဆော်ကြရတယ်လို့လည်း ပြောပါတယ်။

အပေါ်ကမသိရင် အောက်ကမှိန်းနေလို့ရ

စစ်ဘက်ရဲ့အမြင်ကတော့ အပေါ်ကမသိရင် အောက်က မှိန်းနေလို့ရတယ်ဆိုတဲ့ သဘောရှိတယ်လို့ စစ်ထောက်လှမ်းရေးဟောင်းက ရှင်းပြပါတယ်။ သူဆိုလိုတာက အောက်ခြေစစ်သည်တွေ တိုက်ပွဲ ကျသည်ဖြစ်စေ၊ CDM ဝင်သည်ဖြစ်စေ၊ ထွက်ပြေးသည်ဖြစ်စေ သတင်းတွေ အကျယ်တဝံ့မထွက်ရင် အောက်မှာတင် ကြိတ်ရှင်းပြီး အထက်ကို လိမ်လည်တင်ပြခွင့်ရကြတယ်ဆိုတဲ့ အချက်ကိုပါ။ ဒါဟာ သူတို့ရဲ့ အရင်ခေတ်ကတည်းက ကျင့်သုံးခဲ့ကြတဲ့ နည်းလမ်းလို့ သိရပါတယ်။ အများသူငှာ သိသွားတဲ့ အကျယ်တဝံ့ သတင်းထွက်သွားရင်တော့ အထက်လူကြီးတွေရဲ့ ဖိအားကြောင့် အောက်က တန်ပြန်ရှင်းလင်း ဆောင်ရွက်ရတော့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် CDM ဝင်လာတဲ့ စစ်သား၊ ရဲသားတွေကို အမှန်တကယ် လွတ်မြောက်ရာ မပို့နိုင်သေးခင် သတင်း အစောတလျင် ထုတ်ပြန်မိရင် အပေါ်ကသိသွားပြီး အရအမိ ပြန်လိုက်ခိုင်းတဲ့အတွက် လက်ခံတဲ့အဖွဲ့ပါ ဒုက္ခတွေ့မှာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

မုံရွာနယ်၊ ညောင်ဖြူပင်ရဲစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ ရဲနှစ်ဦးကို ပစ်သတ်ပြီး လက်နက်ယူသွားတဲ့ သတင်းထုတ်ပြန်ချက်ဟာလည်း အန္တရာယ်ကို လက်ယပ်ခေါ်တဲ့ ထုတ်ပြန်ချက်လို့ သူက သုံးသပ်ပါတယ်။ ဒီသတင်းကိုသာ နောက်သုံးလေးရက်ခွာပြီးမှ ထုတ်ရင် အောက်က စစ်ကောင်စီတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ပေမဲ့ တိုက်ခိုက်သူတွေဟာ တခြားတနေရာ ရောက်သွားပုံရတယ်လို့ အထက်ကို ဆင်ခြေပေးခွင့်သာမယ်လို့ သူက ဆိုပါတယ်။ အချိန်မဆိုင်းဘဲ ချက်ချင်းတင်လိုက်တဲ့အတွက် အထက်ကသိပြီး ချက်ချင်း ပိတ်ဆို့ခိုင်းတဲ့အခါ တိုက်ခိုက်သူကို မမိရင်တောင် အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ ဒေါသဟာ ဒေသခံတွေအပေါ် ပေါက်ကွဲတော့တာဖြစ်တယ်လို့ ပြောပါတယ်။

ရန်သူကိုလှောင်ဖို့ပဲ အာရုံမပြုနဲ့

CDM ပြုလုပ်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဗိုလ်မှူးဟိန်းသော်ဦးကတော့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရန်သူကို လှောင်ပြောင်ဖို့ပဲ အာရုံမပြုဘဲ သတင်းထုတ်ပြန်မှုတွေကို ချင့်ချိန်ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။ စစ်ကောင်စီကို အထင်တော့မသေးနဲ့၊ ယုတ်မာမှုမှာ သူတို့ဉာဏ်နဲ့ ဗျူဟာက တဖက်ကမ်းခတ်တယ်။ တဖက်ရန်သူကို အနိုင်ရချင်ရင် ကိုယ့်မှာ ဘာလက်နက်ထုတ်နိုင်တာ၊ ရှိတာတွေကို မလိုအပ်ဘဲ မတင်ပါနဲ့၊ တဖက်ရန်သူရဲ့ အင်အား၊ လုပ်ကွက် အားသာချက် အားနည်းချက်ကို လေ့လာပါ။ သတင်းဌာနတွေကို အင်တာဗျူးဖြေရင် လိုအပ်သလောက်သာ ပြောပါလို့ ဗိုလ်မှူးဟိန်းသော်ဦးက အကြံပြုပါတယ်။

တိုက်ခိုက်မှုသတင်းတွေ တင်တာနဲ့ စပ်လျဉ်းပြီးတော့လည်း ဒါတွေတင်သင့်တယ်၊ ဒါမှ တဖက်ရန်သူ သွေးပျက်မယ်၊ ပြည်သူတွေ မိုတီရမယ်လို့ တွေးကြတာတွေလည်း ရှိပါလိမ့်မယ်။ မိုတီရတာ မှန်ပါတယ်။ တဖက်က သွေးပျက်တာလည်း မှန်ပါတယ်။ ဒါပေမဲ့ တခါတလေ  မြေပြင်အကြောင်းမသိဘဲ လိုင်းပေါ်က ဝိုင်းလှော်သူတွေကြားမှာ ဒေသခံရွာသားတွေ ပိုအထိနာတတ်တာကို ခံစားနေရသူတွေ အသိဆုံးပါလို့လည်း သူက သတိပေးပါတယ်။

သတင်းတွေကို ကိုင်တွယ်တတ်ပါစေ

အမည်မဖော်လိုတဲ့ ပြည်တွင်းနေ ဝါရင့်သတင်းစာဆရာတဦးကတော့ ဗိုလ်မှူးဟိန်းသော်ဦးရဲ့ ပြောဆိုချက်တွေအပေါ် အမြင်တူညီမှုရှိတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတင်းထုတ်ပြန်မှုကို မိမိအဖို့ အတွင်းက စာဖတ်အားကောင်းသူတွေ၊ သတင်းထုတ်ပြန်မှု အတတ်ပညာကို လေ့လာထားသူတွေကို သီးခြားတာဝန်ပေးပြီး သတင်းထုတ်ပြန်မှုတွေ ပြုသင့်တယ်လို့လည်း သတင်းစာဆရာက တိုက်တွန်းပါတယ်။ ဒီလို နားလည် တတ်ကျွမ်းသူတွေ မရှိသေးရင်လည်း သတင်းထုတ်ပြန်မှုကို နေ့ချင်းညချင်း အချိန်မဆိုင်းဘဲ ထုတ်ပြန်ခြင်းထက် အချိန်ကာလတခုခြားပြီး အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ပြီးမှ သတင်းထုတ်တာက ပိုအန္တရာယ်ကင်းနိုင်တယ်လို့လည်း သူကပြောပါတယ်။ သတင်းဌာနက မေးတယ်ဆိုတိုင်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက မဟုတ်ရင် ကိုယ်သိထားတဲ့ သတင်းထောက်အသံ မဟုတ်ရင် ဖြေဆိုနေဖို့ မလိုအပ်ဘူးလို့လည်း သူက အကြံပြုပါတယ်။

သူက “သတင်းတွေဟာ မထုတ်တတ်ရင် တော်လှန်ရေးသမားတွေရဲ့ အသက်ကို နုတ်သွားနိုင်တယ် ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့” လို့လည်း သတိပေးလိုက်ပါတယ်။

စိုင်းမင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013