
ရန်ကုန်တိုင်း၊ စမ်းချောင်း၊ မြောက်ဥက္ကလာပနဲ့ သာကေတမြို့နယ်တို့မှာ စက်တင်ဘာ ၁၄ ရက်က ဗုံးပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်နေ ဒေသခံတွေထံက သိရပါတယ်။
စမ်းချောင်းမြို့နယ်မှာ ကျွန်းတောတောင်ရပ်ကွက်၊ ရွှေပြည်အေးလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ညရှစ်နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ရုံးရှေ့မှာပေါက်တာဆိုတော့ ဒဏ်ရာရတဲ့သူတွေတော့ ရှိနိုင်တယ်။ ရဲကားတွေရော စစ်ကားတွေရော ရောက်လာပြီး ရွှေပြည်လမ်းကို ပိတ်စစ်နေတယ် ဘယ်သူတွေလဲ သေလဲမသိဘူး။”
မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက် မြောက်ဥက္ကလာပအဝိုင်း ယာဉ်ထိန်းရုံးအနီးမှာ မနက် ၁၀ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ဗုံးနှစ်လုံး ဆင့်ပေါက်တာ စစ်တပ်ရော ရဲတွေရော အများကြီးစောင့်နေတာ တွေ့တယ်။ ဒဏ်ရာရတဲ့သူတော့မရှိဘူးလို့ ကြားတယ်"လို့ ပြောပါတယ်။
အလားတူ သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်း EMERAL BAY ဝင်းခြံစည်းရိုးအနီးမှာလည်း မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ တွေ့လို့စစ်ကောင်စီတပ်တွေက ဖောက်ခွဲဖျက်ဆီးခဲ့သေးတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်တွေကိုတော့ စစ်ကောင်စီတပ်တွေက လမ်းပိတ်ပြီး စစ်ဆေးတာတွေ ညပိုင်းဧည့်စာရင်းစစ်တာတွေပြုလုပ်ခဲ့တယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၁၉ ကြိမ်ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး တယောက်၊ ရာအိမ်မှူး တယောက်နဲ့ အရပ်သားတယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။