လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲတာ မရှိဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဧပြီ ၉ ရက်မှာ ပြောပါတယ်။
လက်ဘနွန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောဆိုမှုတွေ ရှိနေချိန်မှာ ဆက်တိုက်မယ်ဆိုတာ နေတာယာဟုက အချက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
“လက်ဘနွန်မှာ ဘာအပစ်ရပ်တာမှ မရှိပါဘူး” လို့ နေတန်ယာဟုက ဗွီဒီယိုမိန့်ခွန်းကတဆင့် အစ္စရေးမြောက်ပိုင်း ဒေသခံတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီမိန့်ခွန်းထဲမှာ “ဟစ်ဇ်ဘိုလာကို ကျနော်တို့ ဆက်ပြီးတိုက်သွားမယ်။ အစ္စရေးတွေရဲ့ လုံခြုံရေးတွေ ပြန်မရသေးခင်အထိ တိုက်ခိုက်မှုတွေကို ရပ်မှာမဟုတ်ဘူး” လို့ နေတန်ယာဟုက ပြောခဲ့တာပါ။
လက်ဘနွန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဝန်ကြီးအဖွဲ့ကို နေတန်ယာဟုက ဒီရက်အစောပိုင်းမှာ ပြောခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
လက်ဘနွန်အစိုးရက ဆွေးနွေးဖို့ ထပ်ပြီး တောင်းဆိုခဲ့တာလို့ နေတန်ယာဟုက ပြောခဲ့ပြီးနောက်ပိုင်း ဝန်ကြီးအဖွဲ့ကို ညွှန်ကြားခဲ့တာပါ။
လက်ဘနွန်နဲ့ အစ္စရေးတို့ရဲ့ ဆွေးနွေးမှုက လာမဲ့အပတ် ဝါရှင်တန်မှာ ဖြစ်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။
ဆွေးနွေးပွဲမှာ ဟစ်ဇ်ဘိုလာတွေ လက်နက်စွန့်ဖို့နဲ့ နောက်ဆုံးနဲ့ သမိုင်းဝင်ဖြစ်ဖို့ ရည်ရွယ်တယ်လို့လည်း နေတန်ယာဟုက ထပ်မံ ပြောဆိုထားပါတယ်။
ဆွေးနွေးပွဲကို လက်ဘနွန်နဲ့ အစ္စရေးသံတမန်တွေက အမေရိကန်မှာ တွေ့ဆုံပြီး ဆွေးနွေးဖွယ် ရှိပါတယ်။
ဒါက အစ္စရေးက လက်ဘနွန်ကို အကြီးဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တရက်အကြာမှာ အခုလို ကြေညာချက် ထွက်လာတာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် လူ ၃၀၀ ကျော် သေခဲ့ပြီး ၁,၁၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးက သတင်းထုတ်ပြန်ပါတယ်။










