မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ကျောက်ထုရဲစခန်းထဲက ကင်းပတ်ထွက်လာတဲ့ ရဲတယောက်နဲ့ စစ်ကောင်စီတပ်သားတယောက် ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ကျောက်ထု-PDF (YRPA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျောက်ထုရဲစခန်းထဲကနေ ဆိုင်ကယ်တစီးနဲ့ ကင်းပတ်ထွက်လာတဲ့ ရဲတယောက်နဲ့ စစ်(...)တယောက်ကို ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ ကျနော်တို့ ကျောက်ထု-PDF က ရဲဘော်တွေ ခြုံခိုတိုက်ခိုက်ခဲ့လို့ ၂ ယောက်စလုံး ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ကျနော်တို့က သူတို့ဆီက လက်နက်ခဲယမ်းကို သိမ်းဆည်းနိုင်ဖို့ ကြိုးစားပေမဲ့ ရဲစခန်းနဲ့ နီးကပ်နေတာကြောင့် နောက်က စစ်ကူတွေလိုက်လာလို့ ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်ဆုတ်ခဲ့တယ်။”
ကျောက်ထုဒေသမှာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ ကျောက်ထု PDF (YRPA) ကနေ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။