
မကွေးတိုင်းထဲက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဆောမြို့နယ်ထဲကို သြဂုတ် ၁ ရက်ကစပြီး စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူက “စစ်တပ် စစ်ကြောင်းရောက်နေတဲ့ ကြီးရွာနားဝန်းကျင်ကို ၁ ရက်နေ့ကစပြီး ဗုံးကြဲနေတာ။ ၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဖိုက်တာနဲ့ ပေါက်ကွဲအားပြင်း ဗုံးသီးတွေ ကြဲတယ်။ ၂ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ ဖိုက်တာ ၂ စီးနဲ့ ဗုံး ၂ ကြိမ် ထပ်ကြဲပြီးတော့ ၃ ရက်နေ့ ညနေပိုင်းမှာလည်း ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံးထက်မနည်း ကြဲသွားပြန်တယ်။ စစ်ကြောင်းရှိနေလို့ အသေးစိတ်အခြေအနေတွေကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ချင်းပြည်နယ်ဘက်ကို စစ်ကူသွားမဲ့ စစ်တပ်စစ်ကြောင်းတွေဟာ အင်အားအလုံးအရင်းနဲ့ ဆောမြို့နယ်အတွင်းကို ရောက်ရှိနေကြတာဖြစ်ပြီး ဒေသခံ တော်လှန်ရေးအင်အားစုတွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေသလို ဆောမြို့နယ်၊ ကြီးကျေးရွာအတွင်း သီတင်း ၂ ပတ်နီးပါး ဝင်ရောက်တပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်းဟာ လေကြောင်းပစ်ကူတွေကို အကာအကွယ်ယူပြီး ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာလည်း စစ်တပ်ဘက်က ဒရုန်းအပါအဝင် ဂျက်တိုက်လေယာဉ် တွေနဲ့ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၃ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ဇူလိုင် ၂၁ ရက်နေ့က ကြီးရွာတိုက်ပွဲထဲမှာ ဒဏ်ရာရပြီး သေသွားတဲ့ ဗိုလ်ကြီးဇော်သူရ အစား တပ်မ ၇၇ ကနေ ဗိုလ်ကြီးသောထူးနိုင် (ခ) ထူးသာ ဦးဆောင်တဲ့ အင်အား ၁၅၀ ကျော် စစ်ကြောင်းက အခုထိ ကြီးရွာထဲနဲ့ အဲဒီရွာနားမှာ ရှိနေသေးတယ်။ တပ်မ ၉၉ က စစ်ကြောင်းမှူး ဗိုလ်ကြီးသီဟအောင် ဦးဆောင်တဲ့ အင်အား ၁၅၀ ဝန်းကျင် စစ်ကြောင်းကလည်း တပြင်းရွာထဲမှာ အထိုင်ချ တပ်စွဲထားနေကြလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီးတော့ သူတို့ဘက်က အသေအပျောက် များနေတယ်။ အဲဒါတွေကြောင့်လည်း လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေတာလို့ ယူဆတယ်။ ဒီဘက်ကလည်း ထိခိုက်ကျဆုံးရဲဘော်တချို့ ရှိပါတယ်။ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ ပြည်သူတွေ အန္တရာယ်ကင်းဖို့ လုပ်ဆောင်ရပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ စာရင်းပြုစုထားရုံလောက်ပါပဲ” လို့ DVB ကို ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်တပ်လက်အောက်ခံတွေဟာ ဆောမြို့နယ်ထဲနဲ့ ဆော-လောင်းရှည်လမ်းပိုင်း စစ်ရေးလှုပ်ရှားတာတွေ နေ့စဥ်ပြုလုပ်နေသလို ကျောက်ထုမြို့နယ်ထဲက တပြင်း၊ ကြီး၊ ကံကြီး၊ ကံချောင်း၊ ရေရှင် စတဲ့ကျေးရွာတွေမှာလည်း အထိုင်ချကာ ခြေကုပ်ကာကင်းစခန်းတွေ ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တောင်ယော (ခေါ်) ဆောမြို့နယ်နဲ့ ကျောက်ထုမြို့ နေရာအများစုမှာ စစ်အာဏာရှင်တပ်က အခြေချ စစ်ရေးလှုပ်ရှားလာတာ ရက်ပေါင်း ၇၀ ကျော် ကြာမြင့်လာခဲ့ပြီး ဒေသခံပြည်သူ အများအပြားဟာလည်း ဒီနေ့အချိန်အထိ အိုးအိမ်စွန့်ခွာ၊ လုပ်ငန်းခွင်ပစ် ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေကြရဆဲ ဖြစ်တာကြောင့် စားဝတ်နေရေးနဲ့ ကျန်းမာရေးတွေ ချို့တဲ့လာနေတဲ့အတွက် ပြည်တွင်းပြည်ပ နိုင်ငံတွေက အလှူရှင်တွေအနေနဲ့လည်း လူသားချင်း၊ တော်လှန်ပြည်သူအချင်းချင်း စာနာထောက်ထားကာ အကူအညီတွေ ပေးကြဖို့လည်း ယောအလင်းတန်းအဖွဲ့က တိုက်တွန်းထားပါတယ်။










